၂၂ - မေ- ၂၀၁၃ ခုနှစ် ကယားပြည်နယ် လွိုင်ကော်မြို့မှာ ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ သူနာပြုနေ့ အထိမ်းအမှတ် အခမ်းအနားမှာ မြန်မာတနိုင်ငံလုံး သားဖွားဆရာမ ထူးချွန်ဆုရှင် က နိုင်ငံတော်ကဆေးဝါး များချပေးမှ ပြည်သူလူထု အခမဲ့ ဆေးကုသခွင့်ရမယ်လို့ ပြောဆိုလိုက်ပါတယ်။
“ အရင်က ကျမကိုင်ရတာ ၁၂ ရွာပေါ့။ ဒါပေမဲ့ ဒီ ၂၀၀၇ နောက်ပိုင်း ကျမတို့ရှစ်ရွာပဲ ကိုင်ရတယ်။ ရှစ်ရွာပဲကိုင်ရပေမဲ့ လူဦးရေတော့ များတာပေါ့နော်။ သားဖွားဆရာမ ဆိုလို့ ကျန်းမာရေးဌာနမှာလဲ ကျမတယောက်ထဲပဲရှိတယ်။ အဲဒီဥစ္စာကို ကြိုးစားရတယ်။ ကြိုးစားပြီးတော့မှ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ကောင်းဖို့….ဆိုရင် ကိုယ်ကပိုပြီးတော့ ကြိုးစားရတယ်။ ဆေးဝါးကျတော့ နိုင်ငံတော်က ဘယ်လိုပြောမလဲ… လုံလုံလောက်လောက် မထုတ်ပေးနိုင်တဲ့ခါကျတော့ သူတို့က ဘာလုပ်ရလဲဆိုလို့ရှိရင် သူတို့က စရိတ်မျှပေးစနစ်ကို ကျင့်သုံးနေရတယ်။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာ ဆိုလို့ရှိရင် နိုင်ငံတော်ကနေ ဆေးဝါးတွေ ထုတ်ပေးမယ်လို့ ပြောတယ်။ တကယ်လို့ အဲဒီဆေးဝါးတွေ ထုတ်ပေးမယ်ဆိုရင်တော့ ပြည်သူတွေက အခမဲ့ ဆေးကုသခွင့်ရမှာပေါ့။ ခုလောလောဆယ်တော့ ဆေးခန်းကို မရောက်သေးဘူး။ ဒါပေမဲ့ ဒီလပိုင်အတွင်းမှာ ရောက်မယ်လို့ ပြောပါတယ်” သားဖွားဆရာမ နော်လားရှီးက အပြည်ပြည်ဆိုင်ရာ သူနာပြုနေ့မှာ အခုလိုပြောဆိုသွားတာ ပဲဖြစ်ပါတယ်။
Ministry of Immigration and Population and UNFPA က World Population Day (၁. ရ. ၂၀၁၂) နေ့မှာ မြန်မာနိုင်ငံလုံး ထူးချွန်သားဖွားဆရာမ ပထမဆု (The outstanding Midwife Award) ကို ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးလက် ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ နော်လားရှီးကို ချီးမြှင့်ခဲ့ကြပါတယ်။
ထူးချွန်သားဖွားဆရာမ နော်လားရှီးကို လွိုင်ကော်မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ သူနာပြုနေ့ အထိမ်းအမှတ်နှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားမှာ ပြည်နယ်အစိုးရမှ ဂုဏ်ပြုချီးမြှင့်လက်ဆောင် ပေးလိုက်ပါတယ်။
“သူနာပြုခြင်းလုပ်ငန်းဟာ အလွန်မွန်မြတ်တဲ့ လုပ်ငန်းတခု ဖြစ်ပါတယ်။ ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့ အလုပ်ဖြစ်ပြီး နတ်လူ သာဓုခေါ်တဲ့ အသက်မွေးဝမ်းကြောင်း လည်းဖြစ်ပါတယ်။ လူနာကိုပြုစုသူတို့ဟာ စေတနာ ၀ါသနာ အကြင်နာ အနစ်နာဆိုတဲ့ နာလေးနာကို အစဉ် ဦးထိပ်ပန်ဆင် ကြတဲ့ အနန္တ မေတ္တာရှင် မြင့်မြင့်သော နှလုံးသားပိုင်ရှင်များ ဖြစ်ပါတယ်” ကယားပြည်နယ် အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးကိုးရယ်က ဂုဏ်ပြု အဖွင့်မိန့်ခွန်းမှာ ပြောဆိုတာပါ။



