အစိုးရ တပ်ဖွဲ့ များသည် ရှမ်းပြည် မြောက်ပိုင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၄ တပ်ဖွဲ့များကို စစ်ဆင်လျှက် ရှိရာ ယမာန်နေ့၌လည်း ထပ်မံ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း KIA ဒုတိယ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဂျိန်လွန်း တောင်က ဆိုပါသည်။
“အစိုးရ ကတော့ နိုင်ငံတကာကို မျက်လှည့် ပြဖို့ဘဲ ပြောနေတာပါ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး လုပ်ချင်နေတာ မဟုတ်ဘူးဆိုတာ ထင်ရှားနေတာဘဲ။ သူတို့က ရှမ်းကို တိုက်နေတဲ့ အချိန်မှာ ကျနော်တို့ ကချင်နဲ့ တွေ့ဖို့ ကမ်းလှမ်းတယ်။ ရှမ်းကို တွေ့ဖို့ ကမ်းလှမ်းတဲ့ အချိန်မှာ ကျနော်တို့ KIA ကို လာတိုက်ပြန်တယ်။ တိုက်ပွဲတွေက တနေရာ မဟုတ်ရင် တနေရာ နေ့တိုင်း ဖြစ်နေတာကို ကြည့်ပေတော့။” ဟု ဆိုပါသည်။

အဆိုပါ တိုက်ပွဲသည် ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တွင်းရှိ KIA တပ်မဟာ (၄) ၊ တပ်ရင်း (၉) နယ် မြေတွင် အမည်မသိ မြန်မာ တပ်ဖွဲ့များနှင့် ယမာန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု KIA မှ သတင်း ထုတ်ပြန် ထားပါသည်။
ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ တွင်လည်း KIA တပ်မဟာ (၄) တပ်ရင်း (၃၆) နှင့် အစိုးရ ခမရ ၂၄၂ တပ်ဖွဲ့ တို့သည် မူဆယ်ခရိုင် မုံးကိုးဒေသ၌ နံနက် ၈ နာရီခွဲ အချိန်တွင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး နေ့လည် ၁၁ နာရီခွဲ အချိန်တွင် KIA တပ်ရင်း (၈) တွင် ထပ်မံ တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။
အလားတူ ဤမေလ ၁၁ ရက်နေ့ထဲတွင်TNLA တပ်ရင်း ၁၁၂ မှတပ်ခွဲ (၂) တပ်ဖွဲ့နှင့် ကွတ်ခိုင် အခြေစိုက် အစိုးရ ခလရ ၄၅ ပူးပေါင်း တပ်ဖွဲ့ တို့လည်း ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ကျေးရွာအုပ်စု ဂျရမ်းကျေးရွာ အနီးတွင် တိုက်ခိုက် ခဲ့ကြပါသည်။
ဤသည် KIA နှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးရန် အစည်းအဝေး ရက်ရွှေ့ဆိုင်း သွားပြီး နောက်ပိုင်း ဖြစ်ပွားသော တိုက်ပွဲများ ဖြစ်ပါသည်။ သို့သော် တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းနေသည့် မေလ ၁၃ ရက်နေ့ ကာလ အတွင်း တိုက်ပွဲများ ခေတ္တ ရပ်တန့် နေခဲ့ပါသည်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် KIA နှင့် တိုက်ခိုက်မှုများ ရပ်ဆိုင်း သွားရန် တွေ့ဆုံ ဆွေးနွေးလိုကြောင်း ကြာခဏ ထုတ်ဖေါ်ပြောဆိုနေပါသည်။ သို့သော် KIA က တောင်းဆိုထားသော အမေရိကန်၊ ဗြိတိန်၊ UN ကိုယ်စား လှယ်များ ဆွေးနွေးပွဲတွင် ပါ၀င် လာရေးကိုမူ လက်မခံနိုင်သည့် အတွက် နိုင်ငံတကာကို အသံကောင်း ဟစ်ပြီး အချိန်ဆွဲ နေခြင်းဖြစ်သည်ဟု ဂျိန်းလန်တောင်က ဝေဖန်ထားပါသည်။
“ဒီလ ၂၀ ရက်နေ့တွေ့ကြမယ်လို့ ပြောထားတယ်။ အခု လကုန်ပိုင်းလောက်မှ တွေ့မယ်လို့ ဦးအောင်မင်းက ပြောလာတယ်။ သူ့နိုင်ငံခြား ခရီးစဉ် ရှိတယ် အကြောင်း ပြချက်နဲ့ ပြောင်းလိုက်တယ်။ အဲဒါကြောင့် နောက်ဆုံးပတ်မှာ ဆိုထား ပြန်ပေမဲ့ ဘယ်နေ့ တွေ့မယ် ဆိုတာ မသိရသေးဘူးလို့” KIO အတွင်းရေးမှူး ဖြစ်သူ ဒေါက်တာ လဂျာ ကလည်း ဆိုပါသည်။
ဤကဲ့သို့ ဆွေးနွေးကြမည့်ရက် ရွေ့ဆိုင်း လိုက်ပြီးနောက် တိုက်ပွဲများ ရပ်ဆိုင်းနေသည့် ရှမ်းပြည်မြောက်ပိုင်းရှိ KIA တပ်မဟာ (၄) ဒေသတွင် မေလ ၁၆ ရက်နေ့မှ စပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။
KIA နှင့် အစိုးရတို့၏ တိုက်ပွဲများ ရပ်ဆိုင်းရေး ဆွေးနွေး ပွဲသည်လည်း (၁၃) ကြိမ်ခန့် ရှိခဲ့သော်လည်း ပြေလည်မှု အရိပ်အရောင် မရှိသေးကြောင်း အကဲခတ်များက ဆိုပါသည်။



