တအာင်း (ပလောင်) နေထိုင်ရာဒေသ ဘိန်းစိုက်ပျိုးမှုများတိုးလာ

တအာင်း (ပလောင်) နေထိုင်ရာဒေသ ဘိန်းစိုက်ပျိုးမှုများတိုးလာ
by -
ရွှေဟင်္သာ

ရှမ်းပြည် မြောက်က်ပိုင်း နမ်းခမ်း မြို့နယ်တွင် လက်ဖက် စိုက်ခင်းနေရာ၌ ဘိန်းစိုက်ခင်းများဖြင့် အစားထိုး လာနေသည်ဟု နမ့်ခမ်းမြို့ဒေသခံ တစ်ဦးလည်းဖြစ် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဗဟို ကော်မီတီဝင် တဦး ဖြစ်သည့် မိုင်းအိုက်ညိမ်းက ဆိုပါသည်။

“ဘယ်လောက်ထိ စိုက်သလဲ ဆိုရင် ကိုယ့်အိမ်ခြံထဲက မြေလွတ်ပါ မကျန်ကို စိုက်တာ ။ နမ်းခမ်းမြို ့ ပတ်ဝန်းကျင် ကျေးရွာတွေ ဆိုရင် အရင်တုန်းက (၂၀၀၅) ခုနှစ် ကတည်းက ပေါ့ဗျာ။ အဲဒီတုန်းက လက်ဖက်ခင်းတွေနဲ့ စိမ်းစိုနေခဲ့တာပေါ့။ အခုတော့ ဘိန်းခင်းတွေနဲ့ဗျ။ ရာနှုန်းအားဖြင့် ပြောရရင် (၈၀) ရာနှုန်း အထိ တိုးမယ်လို့ ကျနော် ယူဆတယ်” ဟု ဆိုပါ သည်။

စားသုံးမှု အပိုင်း၌လည်း ယောက်ကျင်္ားများ အပြင် မိန်းကလေးများပါ တိုးလာနေပြီး တအာင်း လူငယ်၏ (၇၀) ရာနှုန်း ခန့်သည် မူးယစ်ဆေး စားသုံးမှု၌ နစ်မွန်းနေကြပြီးဟု ယူဆကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့၏ စစ်တမ်းကို ကိုးကားပြီး ပြောဆို ခဲ့ပါသည်။

ဘိန်းစိုက်ပျိုးမှု တိုးလာခြင်းသည် လက်ဖက် စျေးနှုန်းများ အဆမတန် ကျဆင်း မှုကြောင့်ဟု ဆိုပါသည်။ လက်ဖက်ခူး ရာသီ အစတွင် လက်ဖက် တစ်ပိသာသည် ကျပ် (၅၀၀၀) ရှိခဲ့ရာမှ ယခု အချိန်တွင် ကျပ် (၂၅၀၀) သာ ရှိပါသည်။ ဤအတိုင်း နှစ်စဉ် ဖြစ်လာခဲ့သည့် အတွက် တအာင်း တောင်သူများသည် လက်ဖက် အစား ဘိန်းများ စိုက်ပျိုး လာခဲ့ခြင်း ဖြစ်ပါသည်။

လက်ဖက် တစ်ပိသာ (၂၅၀၀) ကျပ်ရှိ နေချိန်တွင် ဘိန်းစိမ်း တစ်ပိသာသည် ကျပ်သိန်း(၂၀) ပေါက်စျေး ရှိနေပါသည်။ ဤသို့ကြောင့် အိမ်ရှေ့မှမြေလွတ်ပါ မကျန်စိုက်ပျိုး လာခြင်းဖြစ်သည်ဟု ဆိုပါသည်။

အရေးယူမှု အပိုင်းတွင်လည်း အစိုးရ တပ်များသည် အရေးယူခြင်းထက် ဘိန်းခွန်အပေါ်ဆပ်ကြေး ကောက်ခံပြီး အပြ သဘောဖြင့်သာ ဖျက်ဆီး ဟန်ပြ ဓါတ်ပုံ ရိုက်ပြီး ပြန်သွားကြကြောင်း ဆိုပါသည်။

အလားတူ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကလည်း စီးပွားရေး ကျဆင်း နေသည့် တအာင်း လူထု၏ အခြေအနေကို ငဲ့ညှာပြီး  လူထု ထောက်ခံမှု မထိခိုက်ရန် ဘိန်း တိုက်ဖျက်ရေးကို အဆင့် (၃) ဆင့် ခွဲပြီး အကောင်အထည် ဖေါ်နေရပါသည်။ (၁) ပညာပေးမှု အဆင့်ဖြင့် ဦးစွာ ပညာပေးခြင်း၊ (၂) အရေးယူမှုကို လျှော့ပေါ့ခြင်း၊ (ဘိန်းစိုက်ခင်းကိုသာ ဖျက်ဆီး ပြသော်လည်း စိုက်ပျိုးသည့် တောင်သူကိုမူ အရေး မယူပေ။) (၃) မူးရစ် ကုန်သွယ်မှုကို ပြတ်သားစွာ အရေး ယူခြင်းနည်းဖြင့် တိုက်ဖျက် နေပါသည်။

ဤကဲ့သို့ တိုက်ဖျက်မှုများ ရော့ရဲ နေချိန်တွင် အာဏာပိုင် အားပေးမှု အပိုင်းနှင့် စျေးကွက် အပိုင်းများက စိုက်ပျိုးမှုကို  အားသာ စေသည်ဟု ဆိုပါသည်။ ထွက်သမျှ ဘိန်းများ ရောင်းမလောက်အောင် ဖြစ်နေပြီး စိုက်ပျိုး သူများ အရေးယူ ခံရခြင်း မရှိပေ။

“ စဉ်းစားကြည့်ပါ၊ ပန်းဆေးပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်က သူရွေးကောက်ပွဲဝင် စဉ်တုန်းက ပြောခဲ့ပါတယ်။ သူ့ကို မဲထည့်ပေးကြပါတဲ့။ သူကိုယ်စားလှယ် ဖြစ်လာရင် တရားဝင် ဘိန်းစိုက်ခွင့် ပေးမယ်တဲ့။ ဒီတော့ တစ်နယ်လုံးက ပန်းဆေးနယ်မှာ ဘိန်းသွား စိုက်ကြတာပေါ့။ အခွန်တောင် နဲသေးတယ်။ ပြီးတော့ ဘိန်းဝယ်သူတောင် ရှာနေစရာ မလိုပါဘူး။” ဟု နမ့်ခမ်း ဒေသခံ တစ်ဦးက ပြောပါသည်။

ဤကဲ့သို့ ဘိန်းစိုက်ပျိုးမှု အခွင့်အလမ်းက အားသာနေသဖြင့် ဘိန်းစိုက်ပျိုးမှု များသည် နမ့်ခမ်း တစ်မြို့နယ်လုံးသို့ ပြန့်နှ့ံခဲ့ရာက ယခု အချိန်တွင် နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင် မြို့နယ်နှင့် မန်တုံမြို့နယ်များ၌ ပိုမို စိုက်ပျိုး လာခဲ့ ပါတော့သည်။ တအာင်း လူမျိုး တို့၏ မိရိုးဖလာ လက်ဖက် စိုက်ခင်းကမူ တောတောင် ထူထပ်သော နမ့်စမ် မြို့နယ်တွင်သာ ရှိပါတော့သည်။

ဘိန်းစိုက်ပျိုးမှုသည်၂၀၀၅ ခုနှစ်မှ စပြီး သိသာ ထင်ရှားစွာ တိုးတက် လာခဲ့သည်ဟု ဆိုပါသည်။ အထူးသဖြင့် တရုတ်ပြည်မှ အရည်အသွေး ကောင်းသော လက်ဖက်ခြောက်များ လှိမ့်ဝင်ရာက တအာင်း (ပလောင်) လက်ဖက်များ စျေးကျ သွားခဲ့ခြင်း ဖြစ်ပါသည်။

Most read this week