လုံခြုံစိတ်ချမှုမရှိပါက ဒုက္ခသည်များ ပြန်ပို့မည်မဟုတ်

လုံခြုံစိတ်ချမှုမရှိပါက ဒုက္ခသည်များ ပြန်ပို့မည်မဟုတ်
by -
ရွှေဟင်္သာ

ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်များ နေရပ် ပြန်ပို့သင့်မသင့် အခြေအနေများ လေ့လာရန် UNHCR အပါ၀င် NGO များနှင့် ဒုက္ခသည်များက ထိုင်းနိုင်ငံ မဲဆောက် ခရိုင် မယ်လ ဒုက္ခသည် စခန်း၌ စုပေါင်း ဆွေးနွေး နေကြသည်ဟု အစည်းအဝေးကို တက်ရောက်ခဲ့သော ပြောရေး ဆိုခွင့် ရှိသူ ကရင် လူ့အခွင့်အရေး အုပ်စု (KHRG) တဝန် ရှိသူတဦးက ဆိုပါသည်။

 “ ဆွေးနွေးပွဲ ကိုတော့ မေလ ၁၄ ရက်နေ့ ကနေ (၁၆) ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ်။ အဖွဲ့အစည်း (၂၀) ခုကနေ ကိုယ်စားလှယ် (၆၀) လောက် တက်ပါတယ်။ ဒီဆွေးနွေး ပွဲကို ဦးဆောင် တာက UNHCR နဲ့ TBC အဖွဲ့တွေ ဖြစ်တယ်။ သူတို့ ကတော့ ဒုက္ခသည် ပြန်ပို့ရေး ထက် ပြန်လည် နေရာ ချထားတဲ့ နေရာမှာ တကယ် ငြိမ်းချမ်း နေပြီးလား ဆိုတဲ့ လက္ခဏာတွေ ရှိမရှိပေါ့ အဲဒါတွေ လေ့လာဖို့ ဆွေးနွေးနေ ကြတာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။

ထိုင်းနိုင်ငံရောက် ဒုက္ခသည် များကို နေရာ (၃) ခု၌ နေရာ ချသွားရန် ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့်မြန်မာ အစိုးရတို့ အပစ်အခတ် ရပ်စဲစဉ် သဘောတူ ထားပါသည်။ ၄င်းတို့မှာ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြဝတီ မြို့နယ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း ၌ ဖြစ်ပါသည်။

ဆွေးနွေး ပွဲတွင် (၁) ဒုက္ခသည် ကိုယ်စားလှယ်များ၊ လူမှု အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီ ခေါင်းဆောင် များနှင့် အခြား စီးပွားရေး လုပ်ငန်းရှင်များ ပါ၀င်သော ဖိုရမ် တစ်ခု ဖွဲ့စည်းရန်၊ (၂) နေရပ် ပြန်ပို့ရေး အတွက် ခိုင်လုံသော အချက် အလက်များ စုဆောင်းရန်၊ (၃) ဒုက္ခသည် များအား ပြန်ပို့သည့် အခါ ရုပ်ပိုင်း ဆိုင်ရာ လိုအပ်ချက်များ၊ ဥပဒေ အရ တရားဝင်ရေး အပိုင်းနှင့် လုံခြုံမှု အပိုင်း များအား နားလည်ရန် ပညာပေးရေး၊ (၄) ရန်ကုန် အခြေစိုက်လူမှု အဖွဲ့ အစည်းများ၊ကူညီမှု အသင်းများနှင့် နယ်စပ် တလျှောက် အဖွဲ့ အစည်းများ ပူးပေါင်း ဆောင်ရွက် ရန်နှင့် (၅) နေရပ် ပြန်ပို့ရေး ကော်မီတီ ဖွဲ့စည်း သွားရန် ဆွေးနွေး ကြမည် ဖြစ်ပါသည်။

ပြည်တွင်း စစ်ပြေး ဒုုက္ခသည်များ မိမိတုုိ့ နေရပ် ပြန်လည် နေရာ ချထားရေး အစီအစဉ် အတွက် အသိပညာများ မြင့်တင် ပေးရန်နှင့် ဤလုုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ပြည်တွင်း ဒုုက္ခသည်များ ကိုုယ်တုုိင် ထိုုသတင်း အချက်အလက်များ လက်ခံ ရရှိ နိုင်ရန် အတွက် လုုပ်ဆောင် ပေးရမည်ဟု ဆွေနွေး ကြပါသည်။

ဆွေးနွေး ပွဲသို့ တက်ရောက် ကြသည့် အဖွဲ့အစည်း များမှာ UNHCR , ထိုင်းမြန်မာ နယ်စပ် ကော်မီတီ (TBC)၊ ဒုက္ခသည် စခန်း ခုနှစ်ခုမှ ကိုယ်စားလှယ်များ၊ ကရင် ဒုက္ခသည် ကော်မီတီ (KRC)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင် အမျိုးသမီး အဖွဲ့ (KWO)၊ ကရင်လူငယ် အစည်းအရုံး (KYO)၊ အပြင် CIDKP, KHRG, KESAN, KORD, KED, KTWG, KDHW, BPHWT, KIC, KDN, KWAG, KAC, CCSDPT လူမှု အဖွဲ့တို့ တက်ရောက် ကြပါသည်။

“ ပြန်ပို့မယ် ဆိုရင် ဘာတွေ စိုးရိမ်မှု ရှိနိုင်မလဲပေါ့။ ပြန်ပို့မယ့် နေရာ မှာလည်း ဘယ်လို အနေထားတွေ ရှိနေလဲ ကျမတို့ အဖွဲ့ KHRG က လေ့လာ ထားတာ ရှိတယ်။ အဲဒီ နေရာမှာလည်း ဒီကေဘီအေ၊ BGFနဲ့ ကရင် ငြိမ်းချမ်းရေး တပ်တွေ ရှိနေတယ်။ အဖွဲ့စုံတဲ့အခါ ကျတော့ လုပ်အားပေး စေခိုင်းမှု တွေလည်း ရှိလာနိုင်သလို မရှင်းလင်း ရသေးတဲ့ မြေမြုပ်မိုင်း တွေလည်း ရှိနေတယ်၊ ဆိုတော့ ပြန်ပို့မယ့် ဒုက္ခသည် အဖို ့ စိုးရိမ်ရပါတယ်” ဟု KHRG အဖွဲ့ဝင် တဦးက ဆိုပါသည်။

ဆွေးနွေး ပွဲတွင် ဒုက္ခသည်များကို ပြန်ပို့သင့် မသင့် နှင့် ပြန်ပို့မည် ဆိုလျှင်လည်း ဒုက္ခသည်အတွက် ဘယ်လောက် အာမခံချက် ရှိမလဲ ၄င်းတို့၏ နေရေး ထိုင်ရေး ပညာရေးနှင့် ကျန်းမာရေး အတွက် မည်သူ ထောက်ပံ့ ပေးမလဲ ဆိုသည့် အစီစဉ်များပါ ထည့်သွင်း ဆွေးနွေးကြမည် ဖြစ်ပါသည်။ ကရင် ဒုက္ခသည် ကော်မီတီ (KRC) ကလည်း ဒုက္ခသည် ပြန်ပို့ နိုင်ရေး အတွက် ပြည်တွင်း၌ ရှိနေရမည့် အောက်ပါ အခြေအနေများကို ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆို ထားပါသည်။
(၁) ပြည်တွင်းစစ် ချုပ်ငြိမ်းရမည်။
(၂) ပြည်တွင်းနိုင်ငံရေး ပြဿနာများကို ဖြေရှင်းပြီး စစ်မှန်သော ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရမည်။
(၃) နိုင်ငံတကာ လူ့အခွင့် အရေးများကို အသိအမှတ် ပြုကျင့် သုံးသွား ရမည်။
(၄) ပြည်လည် နေရာ ချထားရေး ဒေသများ လုံခြံုမှု ရှိရမည့် အပြင်မိုင်းများနှင့် ကင်းလွတ်သည့် နေရာများ ဖြစ်ရမည်။
(၅) အိမ်ထောင်စု များအတွက် လယ်ယာမြေများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုံလောက်စွာ လုပ်
ဆောင်နိုင်သည့် ဒေသဖြစ်ရမည်။

(၆) ဒုက္ခသည်စခန်းအတွင်းရှိ ကျန်းမာရေး၊ ပညာရေး၊ အသက်မွေး ၀မ်းကြောင်း အတွက် ထောက်ခံသည့် စာရွက် စာတမ်းများ၊ မှတ်တမ်းများကို အသိအမှတ် ပြုရမည်။

(၇) အတင်း အဓမ္မ ပြန်လည် ပို့ဆောင်ရေးကို ကန့်ကွက်သည်၊ မိမိ ဆန္ဒဖြင့်သာ ပြန်လည် ပို့ဆောင်ရေးကို ကောက်ခံသည်။

(၈) ပြင်ဆင်မှုအတွက် လုံလောက်သော အချိန်ကာလ ရှိရမည်။

(၉) ပြန်လည်နေရာ ချထားရေး ကော်မတီ များအား နေရာ ဒေသ ကြည့်ရှု စီစစ်ရေး၊ ကိုယ်တိုင် သတင်း အချက်အလက် ရယူရေးကို ခွင့်ပြု အားပေး ရမည်။

(၁၀) ကရင် ဒုက္ခသည် ကော်မတီ ( KRC ), UNHCR, ထိုင်းအစိုးရ၊ မြန်မာ အစိုးရ၊ နိုင်ငံတကာ လူ့မှု အဖွဲ့အစည်း (INGOs ) ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း ( NGOs ) ၊ အခြေခံ လူမှုရေး အဖွဲ့အစည်း (CBOs ) ၊ အခြေခံ ဒေသ လူမှု အဖွဲ့ အစည်း များမှ မြန်မာ နိုင်ငံတွင်အခြေအနေ ကောင်း မွန်ပြီး ဖြစ်ကြောင်း အသိအမှတ် ပြုသည့် အချိန်မှ စပြီး ပြန်လည် နေရာချထားရေးအစီအစဉ်ကို စတင်ရမည်ဖြစ်သည်။

မြန်မာအစိုးရကမူ အစမ်း သဘောအရ မိသားစု (၅၀) ခန့် ပြန်ပို့ ပေးသင့်ကြောင်း အဆိုပြု ထားပါသည်။ သို့သော် ဤတောင်းဆို မှုသည် ဒုက္ခသည်အား တကယ် ပြုစုစာင့်ရှောက်ခြင်းထက် ထိုင်းနိုင်ငံအတွင်း အခြေချနေမှုပျက်ယွင်းသွားအောင် တမင်ရည်ရွယ် ဖျက်ဆီး လိုခြင်းသာ ဖြစ်သည်ဟု ဒုက္ခသည် ကော်မီတီများက သုံးသပ် ကြသည်။

ထို့ကြောင့် လက်ရှိအနေအထားနှင့် ဖြစ်နိုင်ခြေအလားအလာမှာ ပြန်လည်နေရာချထားရန် မဖြစ်နိုင်သေးကြောင်းဆိုပါသည်။ ထိုင်းနိုင်ငံတွင် မြန်မာ ဒုက္ခသည် တသိန်းကျော် ရှိနေသည်ဟု NGO အဖွဲ့များက ဆိုသော်လည်း ပြည်ပထွက်ခွာခြင်း၊ ထိုင်းနိုင်ငံသို့ ၀င်ရောက် လုပ်ကိုင်ခြင်းနှင့် ကိုယ်နည်း ကိုယ်ဟန်ဖြင့် မိမိ အရပ်ဒေသသို့ ပြန်ကြခြင်းကြောင့် အနည်းငယ်လျှော့နည်းလာသည်ဟုဆိုသည်။

Most read this week