အစိုးရတပ်တိုက်ခိုက်မှုကြောင့် ရွှေလီမြစ်ဝှမ်း စခန်း (၅) ခု စလုံး RCSS ဆုတ်ခွာပေးရ

အစိုးရတပ်တိုက်ခိုက်မှုကြောင့် ရွှေလီမြစ်ဝှမ်း စခန်း (၅) ခု စလုံး RCSS ဆုတ်ခွာပေးရ
by -
ရွှေဟင်္သာ

အစိုးရ တပ်များသည် နယ်မြေခံ လူထုများ ကိုပါ ပစ်ခတ် တိုက်ခိုက် ခဲ့မှုကြောင့်  ရှမ်းပြည် မြောက်ပိုင်း နမ်းခမ်းမြို့နယ် နောင်မကျေးရွာ အုပ်စုရှိ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တပ်ဖွဲ့ များသည် ၄င်းတို့ စခန်းများမှ ဆုတ်ခွာ ပေးခဲ့သည်ဟု ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးလောဝ်ဆိုင်က ဆိုပါသည်။

“ မနေ့ ညနေပိုင်း (၃) နာရီ ကတည်းက ဆုတ်ခွာ ပေးလိုက်တယ်။ စခန်း (၅) ခု စလုံးပါ။ သူတို့က ကျေးရွာတွေ ထဲကိုပါ လက်နက်ကြီးနဲ့ ပစ်သွင်းတယ်လေ၊ ကျနော်တို့ စခန်း ကလည်း ကျေးရွာ အနီးအနားမှာဘဲ ဆိုတော့ လူထုကို ငဲ့ညှာ ရတာပေါ့။ အဲဒါနဲ့ဘဲ ဆုတ်လိုက်ရတာပါ။ အင်အား မမျှတာလည်း ပါတာပေါ့။ လက်နက်ကြီး သံတွေ ကတော့ ညနေ (၅) နာရီ အထိပါဘဲ ကြားနေရတယ်” ဟုဆို ပါသည်။

ရှမ်းပြည် မြောက်ပိုင်းရှိ RCSS စခန်းသည်၊ မူဆယ်ခရိုင် နောင်မ ကျေးရွာ အုပ်စုတွင် အခြေချ ခဲ့ပြီး ယင်းကျေးရွာ အုပ်စု၌ကျေးရွာပေါင်း (၁၉) ရွာခန့် ရှိပါသည်။

RCSS သည်  ၄င်းတို့ စခန်းများ ဤနေရာတွင် ရှိနေကြောင်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကတည်းက ရှမ်းပြည်နယ် နယ်စပ် ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်သူအား အသိပေး ခဲ့သည့် အပြင် စခန်းသို့လည်း ၄င်းတို့ လာရောက်လေ့ လာခဲ့ပြီး ဖြစ်ပါ သည်။

အစိုးရ တပ်ဖွဲ့ များကမူ ဤစခန်းများသည် သတ်မှတ် နယ်မြေထက် (၁၀) မိုင်ကျော် လွန်လာသဖြင့် တိုက်ခိုက် ရခြင်းဖြစ်ကြောင်း အကြောင်းပြ ခဲ့ပါသည်။ သို့သော် ကျော်လွန် လာခြင်း မဟုတ်ဘဲ နဂို ကတည်းက ဆုတ်ပေးရန် အစိုးရက တောင်းဆို ထားသည့် နေရာဖြစ် သည်ဟု ပြောခွင့်ရသူက ဆိုပါသည်။

ဤသို့ကြောင့် တိုက်ပွဲ ကိစ္စနှင့် ပါတ်သက်ပြီး ငြိမ်းချမ်းရေး အဖွဲ့ကို တိုင်ကြားတော့မည် မဟုတ်ကြောင်း၊ ဤစီမံချက်သည် အစကတည်းက တည်ရှိနေသည့် စီမံချက် ဖြစ်သောကြောင့် ဖြစ်သည်။ ဤကဲ့သို့ ဆုတ်ခွာပေး ခဲ့ရသော်လည်း RCSS သည် ရှမ်းပြည် တောင်ပိုင်း ဒေသသို့ ပြန်မည် မဟုတ်ဟု ဆိုပါသည်။

အစိုးရ တပ်ဖွဲ့ များသည် တိုက်ပွဲ အတွင်း မဆီမဆိုင်သော ကျေးရွာ များထဲသို့ လက်နက်ကြီးများ ပစ်သွင်းခဲ့သဖြင့် လူထုတထောင်ကျော်က နမ့်ခမ်းနှင့် မူဆယ်မြို့ပါ်သို့ ထွက်ပြေး ခဲ့ကြသည်ဟု ဒေသခံများကပြောသည်။

Most read this week