တအာင်း ဒေသမှ လူမှု ဒုက္ခများကို ပွင့်လင်း အဖွဲ့အစည်းအား တင်ပြ

တအာင်း ဒေသမှ လူမှု ဒုက္ခများကို ပွင့်လင်း အဖွဲ့အစည်းအား တင်ပြ
by -
ရွှေဟင်္သာ

တအာင်း (ပလောင်) ကျောင်းသား လူငယ် အဖွဲ့သည် ရှမ်းပြည်နယ် လာရှိုးမြို ့သို့ ရောက်ရှိ နေသော ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့မှ မင်းကိုနိုင်တို့ အဖွဲ့အား ၄င်းတို့ ဒေသ၌ ရင်ဆိုင် နေရသော လူမှု ဒုက္ခများအား ယမန်နေ့က တင်ပြ ဆွေးနွေးခဲ့ကြသည်ဟု တအာင်း လူငယ်နှင့် ကျောင်းသား ကွန်ယက်ဝင် တဦး ဖြစ်သူ မိုင်းကံဟောင်က ဆိုပါသည်။

“ ကိုမင်းကိုနိုင် တို့ရဲ့ ခရီးစဉ်မှာ ကျနော်တို့ ပလောင် လူငယ်တွေ ရာနဲ့ ချီပြီးတော့ ကူညီ ပေးခဲ့ပါတယ်။ သူတို့နဲ့ မနေ့ နေ့လည်ပိုင်း (၂) နာရီ ကနေ ညနေ (၄) နာရီ ကြားအထိ ဆွေးနွေး ဖြစ်ခဲ့တယ်။ ကျနော်တို့ ကိုယ်စားလှယ် (၁၀) ဦးက လာရှိုး မြို့ရဲ့ တောရဘုန်းကြီးကျောင်းမှာ သွားတွေ့ ပါတယ်။” ဟု ဆိုပါသည်။

တအာင်း လူမှု အဖွဲ့အစည်းမှ တင်ပြ ခဲ့သည်မှာ တအာင်း ဒုက္ခသည် အခြေအနေ၊ လက်ဖက် ရာသီတွင် တိုက်ပွဲကြောင့် စီးပွား ထိခိုက်ခဲ့မှု၊ တရုတ်ပြည်သို့ သွယ်တန်း ထားသော သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းကြောင့် ထိခိုက် နစ်နာမှုများ၊ လယ်ယာမြေ သိမ်းဆည်း ခံရသည့် ကိစ္စနှင့် လူ့အခွင့်အရေး ချိုးဖေါက် ခံရမှု များကို (၂) နာရီခန့် ဆွေးနွေး ခဲ့ကြပါသည်။

“ လူ့အခွင့်အရေး ချိုးဖောက်မှု ကတော့ တအာင်း ဒေသ ဘက် တိုက်ပွဲ ဖြစ်သည့် ကာလ အတော အတွင်းမှာ အစိုးရ တပ်က အမျိုးသမီးတွေကို မုဒိမ်းကျင့် တာတို့ ရွာသားတွေကို လက်နက်ကိုင် အဖွဲ့အစည်းက ဆိုပြီး စွပ်စွဲ ဖမ်းဆီး စစ်ဆေး ရိုက်နှက် တာတို့ သတ်ပစ် တာတို့ နောက်ပြီး ရွာသားတွေကို ရေခပ်ခိုင်းကာ ရွာသားတွေက မိုင်းထိတာတို့၊ တချို့တွေက ကိုယ့်ရွာ ကိုယ်ဒေသမှာ မနေရဲတော့ပဲ ဒုက္ခသည်တွေ ဖြစ်သွား တာတို့ အဓမ္မ လယ်ယာမြေ သိမ်းတာတို့က အစပေါ့ တင်ပြတယ်” ဟု ဆိုပါသည်။

ပွင့်လင်း အဖွဲ့အစည်းသည် တအာင်း စစ်ပြေး ဒုက္ခသည်များ အတွက် အကူအညီ ပေးမည်ဟု ဆိုပါသည်။ ဒုက္ခသည် ရပ်တည်ရေး၊ လမ်းပမ်း ဆက်သွယ်ရေး ခက်ခဲသော မန်တုန် ဒုက္ခသည်များ စားဝတ်နေရေး အခက်အခဲ ဖြေရှင်းရေး မိုးရာသီအတွင်းကျန်းမာရေး စောင့်ရှောက်မှု ပြသနာများကို လိုအပ်လျှက် ရှိသည်ဟု ဆိုပါသည်။

 မန်တုန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ တန့်ယန်း မြို့နယ်တွင်  စုစုပေါင်း ဒုက္ခသည် ၄၀၀၀ ၀န်းကျင်ခန့် ရှိသည်ဟု ခန့်မှန်း ပါသည်။ တအာင်း ဒေသတွင် တိုက်ပွဲများ ဆက်လက် ရှိနေသေး သဖြင့် ဒုက္ခသည်များ နေရပ် ပြန်ရန် မဖြစ်နိုင်သေးကြောင်း ဆိုပါသည်။ ထို့အပြင် ပေါ်တာ ဆွဲခြင်း၊သံသယ ဖြစ်သူ များအား နှိပ်စက်ခြင်း၊ မုဒိန်းမှု လုယက်မှုများ ဆက်လက် ဖြစ်ပွားလျှက် ရှိသဖြင့် အစိုးရ တပ်များ မဆုပ်မချင်း ဒုက္ခသည်များ နေရပ် ပြန်ရန် အခက်အခဲ ရှိနေခြင်းဖြစ်ပါသည်။

ပွင့်လင်း လူ့အဖွဲ့အစည်း၏ ယခု ခရီးစဉ်တွင် ဒေသ ဖွံ့ဖြိုးရေး ကိစ္စ ၊ အတူလက်တွဲ ဖေါ်ဆောင်ရေးနှင့် လယ်ယာမြေ သိမ်းသည့် ကိစ္စ၊  လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စ၌ တဖြည်းဖြည်း လျော့နည်း သွားရန် အတူ ၀ိုင်းဝန်း ကူညီ သွားကြရန် ပွင့်လင်း အဖွဲ့အစည်းမှ ကိုပြံုးချိုက ပြောဆို သွားပါသည်။

Most read this week