အစိုးရ တပ်ဖွဲ့များသည် ဟပ်ကြီး ရေကာတာကို အကြောင်းပြပြီး ငြိမ်းချမ်းရေး ရယူထားသော ကရင်လက်နက်ကိုင် များအားစစ်ဆင် ပါက စုပေါင်း ခုခံ သွားမည် ဖြစ်ကြောင်း ယမန်နေ့ မေလ (၆) ရက်နေ့၌ ကျင်းပ ခဲ့သော ပြည်တွင်း သတင်းထောက် များအား ခေါ်ယူ တွေ့ဆုံ ပွဲတွင် ကရင် ငြိမ်းချမ်းရေး အဖွဲ့များက ထုတ်ပြန် သွားပါသည်။

“ အစိုးရတပ်ဖွဲ့ဟာ မေလ (၄) ရက်နေ့ ည (၁၂) နာရီ နောက်ဆုံး ထားပြီး ဆုတ်ခွာ ခိုင်းတယ်။ DKBA အနေနဲ့ ဘယ်လိုမှ ဆုတ်ခွာလို့ မဖြစ်တော့ဘူး။ ဒါကြောင့် အစိုးရ ဖက်က စစ်ဆင် လာလို့ ရှိရင် ပြန်လည် ခုခံဖို့ဘဲ ရှိတော့တယ်” - ဟု DKBA ၏ကလို့ ထူးဘော အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ဆိုပါသည်။
အဆိုပါ တွေ့ဆုံပွဲကို ကရင်ပြည်နယ် မြဝတီမြို့ရှိ ကရင် ငြိမ်းချမ်းရေး ကောင်စီ၏ အထူး ဗျူဟာရုံးချုပ်တွင် ကျင်းပခဲ့ပြီး၊ ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA ) နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီတို့မှ ပြုလုပ် ခဲ့ခြင်း ဖြစ်ပါသည်။ DKBA သည် ဤကဲ့သို့ သတင်းထောက်အား ပြောကြား နေ ချိန်၌ တဖက်တွင်လည်း ဗိုလ်မှူး မောင်လေး ဦးဆောင်သော ၄င်းတို့၏ ကိုယ်စားလှယ် များဖြင့် အစိုးရလုံခြုံရေးဝန်ကြီး ဦးအောင်မင်းနှင့် နေပြည်တော်တွင်တွေ့ဆုံ ဆွေးနွေး စေခဲ့ပါသည်။
DKBA သည် ပြီးခဲ့သည့် ဧပြီလ (၂၇) ရက်နေ့တွင် အစိုးရ နယ်ခြား စောင့်တပ် (BGF) နှင့် (၃) ရက်ခန့် တိုက်ခိုက် ခဲ့ကြပါသည်။ ဤတိုက်ပွဲကြောင့် အစိုးရ တပ်များသည် ဟပ်ကြီး ရေကာတာကို အကြောင်းပြပြီး ဆည်ရေသောက် ဧရိယာ ရှင်းလင်းရန် မြိုင်ကြီးငူရှိ မယ်ပ ဒေသမှ ဆုတ်ခွာပေးရန် ရာဇသံ ပေးခဲ့ခြင်း ဖြစ်ပါသည်။
'' ပြသနာ ဖြစ်သွားတာက နယ်ခြားစောင့်တပ်က တပ်သား တစ်ဦးကို ကျွန်တော်တို့ DKBA အဖွဲ့ထဲကို ပြောင်းဝင်လာတယ်။ ကျွန်တော်တို့က လက်ခံ ထားလိုက်တယ်။ ဖြစ်ပုံက အဲဒီ တပ်သားဟာ နယ်ခြား စောင့်တပ်က တပ်သား တစ်ဦးကို သူ့သဘောနဲ့သူ သွားပစ်တယ်။ အဲဒီတော့ ဧပြီ ၂၇ ရက်နေ့ ညကျတော့BGF တွေကကျွန်တော်တို့ကိုလက်နက်ကြီးနဲ့ပစ်တော့တာဘဲ။ကျွန်တော်တို့လူတွေကလည်းပြန်ပစ်တယ်။ဒီလိုနဲ့ တိုက်ပွဲက သုံးရက်လောက် ဖြစ်သွားတယ်။ အဲဒီ ပြသနာ ကနေ မေလ ၂ ရက်နေ့မှာ ဆုတ်ခွာပေးဖို့ တပ်မတော်ရဲ့ ညွှန်ကြားချက် ဖြစ်လာတယ်။” ဟု ဗိုလ်မှူးကြီး ဆန်းအောင်က ပြောသွား ပါသည်။
အစိုးရ ညွှန်ကြားချက်တွင် မေလ (၄) ရက်နေ့ နောက်ဆုံး ထားပြီး လှိုင်းဘွဲ၊ မီဆိုင်း၊ ကျံုထော်၊ မြိုင်ကြီးငူ စသည့် ဒေသ မှ DKBA တပ်များ ဆုတ်ခွာ ပေးရမည်ဖြစ်သည်။
DKBA သည် ယင်းဒေသမှ ဆုတ်ခွာ ခဲ့လျှင် ထိုင်းနယ်စပ်နှင့် နီးသွားမည် ဖြစ်ကြောင်း၊ ထိုင်းအစိုးရ ကလည်း DKBA နှင့် အဆင်ပြေနိုင်မည် မဟုတ်ကြောင်း၊ ထို့အပြင် DKBA သည် တပ်တွင်း ဖူလုံရေး အတွက် စိုက်ပျိုးရေး လုပ်ငန်းနှင့် အခြား လုပ်ငန်း များလည်း ဤဒေသ၌ တည်ဆောက် ထားပါသည်။ ဤသို့ကြောင့် ဤဒေသမှ ဆုတ်ခွာခြင်း မပေးနိုင်ကြောင်း DKBA အရာရှိက ပြောဆို သွားပါသည်။
အလားတူ DKBA တပ်များကို တပ်မတော်မှ ထိုးစစ်ဆင်ပြီး ဖယ်ရှားမည် ဆိုပါက ကရင်ငြိမ်းချမ်းရေးကောင်စီ အနေနှင့် လက်ပိုက် ကြည့် နေမည် မဟုတ်ကြောင်း ကရင် ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှူးကြီး စောအဲကော်ထူး (တိုက်ဂါး) ကပြောကြား ထားပါသည်။
ဤကဲ့သို့ ဆုတ်ခွာပေးရန် DKBA မှ ဆုတ်ခွာပေးခြင်း မရှိသဖြင့် စစ်ဆင်ရန် အစိုးရ တပ်များသည် DKBA တပ်စခန်း အနီးသို့ ချဉ်းကပ် ခဲ့ပါသည်။ သို့သော်လည်း DKBA သည် အစိုးရနှင့် ရရှိ ထားသော ငြိမ်းချမ်းရေး ကို မထိခိုက် စေသဖြင့် ဖြေရှင်းရန် ရည်ရွယ်ပြီး ဗိုလ်မှူး မောင်လေး ဦးဆောင်သော အဖွဲ့ကို ကရင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး အောင်လွင်ထံ သွားရောက် ဖြေရှင်း စေခဲ့ပါသည်။
နောက်ဆုံးတွင် နိုင်ငံတော် လုံခြုံရေး ၀န်ကြီး ဦးအောင်မင်းထံ ရောက်ရှိ သွားပြီး ဖြေရှင်းရန် အတွက် မကြာခင် ဖားအံမြို့တွင် တွေ့ဆုံဖြေရှင်းကြမည်ဟု သဘော တူခဲ့ပါသည်။ DKBA နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီတို့၏ သတင်းထောက်များအား ခေါ်ယူ ရှင်းလင်းရသည့် ရည်ရွယ်ချက်မှာ တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေး ကိစ္စကို အထူး အလေးပေး ဆောင်ရွက်နေသည့် နိုင်ငံတော် သမ္မတ အပါအဝင် နေပြည်တော်ရှိ တာဝန်ခံ ပုဂ္ဂိုလ်များနှင့်မြန်မာ ငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိ ပုဂ္ဂိုလ်များအား အောက်ခြေ၌ ဖြစ်ပေါ်နေသည့် အခြေ အနေများကို ထဲထဲ ၀င်ဝင် သိရှိနိုင်ရန် အသိပေး လိုခြင်း ဖြစ်ကြောင်းDKBA ဖက်မှ ဆိုပါသည်။



