အစိုးရတပ်များသည် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နယ်မြေ ထဲသို့ ကြိုတင်အကြောင်း ကြားခြင်း မရှိဘဲ တိတ်တဆိတ် ၀င်လာသည့် အတွက် မေလ (၁) ရက်နေ့ တွင် တနာရီ ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု RCSS မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောက်ဆိုင် က ဆိုပါသည်။
“ အစိုးရ နယ်မြေခံ တပ်တွေ ပေါ့ဗျာ၊ သူတို့က တောထဲဝင်လာတယ်။ ကျနော်တို့ နယ်မြေခံတပ်နဲ့ တစ်နာရီ လောက်ကို တိုက်ပွဲ ဖြစ်ခဲ့တာပေါ့။ သူတို့က နယ်မြေ ရှင်းလင်းရေး ဆိုပြီး အကြောင်း မကြားဘဲနဲ့အခုလိုမျိုး သာ ဆက်သွား နေမယ် ဆိုရင်တော့ တိုက်ပွဲတွေက ဆက်ဖြစ် နေဦးမှာဘဲ”ဟု ဆိုပါသည်။

တိုက်ပွဲသည် ရှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့နယ်ခွဲမှ သံလွင်မြစ်ထဲရှိ တာပိန်ကူးတို့ဆိပ် အနီး၌ မေလ ၁ ရက်နေ့ မွန်းလွှဲ တစ်နာရီခန့်တွင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါသည်။ ထိခိုက် ကျဆုံးမှု အခြေအနေ မသိရသေးပေ။
ယင်းကဲ့သို့ ကြိုတင် အကြောင်းမကြားဘဲ RCSS နယ်မြေထဲသို့ တိတ်တဆိတ် ၀င်ရောက် မှုကြောင့် တိုက်ပွဲဖြစ်ပွား ခဲ့ရခြင်းအပေါ် အစိုးရ တပ်ဖွဲ့၌ တာဝန် ရှိကြောင်း RCSS က သဘောထားပါသည်။ နယ်မြေခံ အစိုးရတပ် ကလည်း မိမိတို့ ခွင့်ပြုထားသော သစ်လုပ်ငန်းနှင့် ရွှေကျင်လုပ်ငန်းများကို သွားရောက်စစ်ဆေး ရန် ရှိသဖြင့်် စစ်ကြောင်း ဖွဲ့ပြီး ထိုနေရာသို့ သွားရောက် ရခြင်း ဖြစ်ကြောင်း အကြောင်းပြန် ခဲ့ရပါသည်။
ထိုကဲ့သို့ သွားရောက် စစ်ဆေး ခဲ့ရာမှ နယ်မြေ ရှင်းလင်းရေး အတွက် တာပိန် ကူးတို့ဆိပ် ပတ်ဝန်းကျင်သို့ ဆက်လက် လှုပ်ရှားခဲ့ရာက တိုက်ပွဲဖြစ်ပွား သွားရခြင်း ဖြစ်ကြောင်း RCSS အား အကြောင်း ပြန်ကြား ခဲ့သည်ဟု ဆိုပါသည်။
“ အစိုးရ ကတော့ သူတို့ကိုယ် သူတို့ နိုင်ငံရဲ့ မိဘ တွေပါလို့ သဘောထားပြီး၊ ကျနော်တို့ကို ဟိုဟာမလုပ်ရ၊ ဒီမှာမနေရဆိုပြီး လိုက်ပြီးချုပ်ချယ် ဖိအားပေးနေတာလေ။ ကျနော်တို့က သူတို့ သားသမီးတွေ မဟုတ်ဘူး။ ဒီနိုင်ငံကို ထူထောင်ခဲ့စဉ်က တိုင်းရင်းသား ညီအစ်ကိုတွေ အနေနဲ့ ပါလာခဲ့တဲ့ လူတွေပါ။ အဲဒါကြောင့် တန်းတူရေး ဆိုတဲ့စကားကို ပြောနေရတာလေ။”ဟု ဗိုလ်မှူး စိုင်းလောက်ဆိုင် က ဆိုပါသည်။
RCSS သည် ရှမ်းပြည်နယ် အတွင်းရှိ သစ်တော၊ တွင်းထွက်နှင့် အခြား သယံဇာတများအား ရှမ်းပြည်သူ လူထု အကျိုးကို ရည်ရွယ်ပြီး ထိန်းသိမ်း ထားချင်သည်။ ဤသို့ကြောင့် ရှမ်းပြည်နယ် အတွင်း သယံဇာတ ကာကွယ် ထိန်းသိမ်းရေးအတွက် အချက် (၃) ချက် ပါသော ကြေညာချက် တစ်ရပ်ကို ပြီးခဲ့သည့် မတ်လ (၂၁) ရက်နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့ပါသည်။
အစိုးရသည် အပစ်အခတ် ရပ်စဲ ထားသော တိုင်းရင်းသား အဖွဲ့တိုင်းကို အခြေခံ နယ်မြေ သတ်မှတ် ပေးထားခြင်း မရှိပေ။ အစိုးရသည် မတူညီသော တစ်ဖွဲ့ချင်းစီ၏ အခြေအနေများကို အသုံးချပြီး အမျိုးမျိုး ဂတိပေးခဲ့ပြီး အပစ်အခတ် ရပ်စဲခဲ့ပါသည်။ တိုင်းရင်းသား အဖွဲ့များဆီမှ အပစ်အခတ် ရပ်စဲရေးဂတိ ရပြီးသည်နှင့် ၄င်းတို့ ပေးထားတဲ့ ဂတိအတိုင်း လိုက်နာမှု မရှိတော့ပေ။
ဤနည်းအတိုင်း RCSS နှင့် အပစ်အခတ် ရပ်စဲရေး သဘော တူခဲ့စဉ်က အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သည် လက်ရှိ RCSS ရောက်ရှိနေသော နေရာများ၌ တပ်တည်ခွင့်ပြုသည်ဟု ဂတိ ပေးခဲ့ပါသည်။ သို့သော် နောက်ပိုင်းတွင် အစိုးရ တပ်ဖွဲ့ဖက်မှ လိုက်နာခြင်း မရှိသဖြင့် တိုက်ပွဲပေါင်း (၅၀) ကျော် ဖြစ်ပွား ခဲ့ရသည့် အပြင် နယ်မြေ စိုးမိုးရေးနှင့် မူးရစ်ဆေးဝါး တိုက်ဖျက်ရေး ပြသနာ များ၌ ယနေ့အထိ ပြသနာ ရှိနေဆဲဟု ဆိုပါသည်။
RCSS နှင့် အစိုးရ တို့သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့ ကတည်းက ပဏာမအဆင့်အပစ်အခတ်ရပ်စဲ ခဲ့ကြပါသည်။



