လူထုအကြပ်အတည်း ဖြစ်စေသည့် နည်းဖြင့် KIA အား ထိန်းချုပ်

လူထုအကြပ်အတည်း ဖြစ်စေသည့် နည်းဖြင့် KIA အား ထိန်းချုပ်
by -
ရွှေဟင်္သာ

အစိုးရတပ်ဖွဲ့တို့သည် ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်ဒေသ ကျောက်စိမ်းမှော်၌ တပိုင်တနိုင် ကျောက်စိမ်းတူး နေကြသူများကို လိုက်လံ ပစ်ခတ်သည့် နည်းဖြင့် မောင်းထုတ်လျှက် ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

“ပစ်ခတ်ပြီး လိုက်လံ မောင်းနှင်နေခဲ့တာ ကနေ့ အထိပါ။ တကယ်တော့ ကျနော်တို့ အခြေခံထားတဲ့ မြေနေရာကိုက စိုက်ပျိုးရေးနဲ့ အသက်မွေးလို့ မရပါဘူး။ အဲဒါကြောင့် ကျနော်တို့ဟာ ဒီ ကျောက်စိမ်းမှော် တွေကို အားကိုးပြီး အသက်ရှင် နေကြတဲ့ သူတွေပါ။ ဒါကို အစိုးရတပ်ဖွဲ့တွေက လာလာပြီး ပစ်ခတ်နေတယ် ဆိုတော့ ဘာနဲ့စားရတော့မှာလဲ” ဟု ဆိုပါသည်။

ဒေသခံများ၏ တပိုင်တနိုင်ကျောက်စိမ်းမှော် လုပ်ငန်း (ဓါတ်ပုံ အင်တာနက်)

အစိုးရတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇန္နာဝါရီလ ၁၅ ရက်နေ့မှ စတင်ပြီး ကျောက်စိမ်းမှော် တူးသူများကို တားဆီးပိတ်ပင်ခဲ့ သည်ဟု ဒေသခံက ဆိုပါသည်။

ဤသို့ကြောင့် ဒေသခံ ကချင်ပြည်သူ များသည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အား အစိုးရတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့စဉ်တုန်းက အခြေအနေမျိုး ထပ်မံချုပ်ချယ်ခြင်း ခံနေရကြောင်း ဆိုသည်။

အစိုးရ၏ အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ အင်းအား (၄၀၀) ခန့်သည် စစ်ကြောင်း (၃) ကြောင်းဖြင့် ပြီးခဲ့သည့် ဇန္နဝါရီလ ၁၅ ရက်နေ့တွင် ဤဖားကန့်ဒေသသို့ စစ်ဆင် လာခဲ့ပါသည်။ ဇန္နဝါရီလ ၁၈ ရက်နေ့တွင် ဖားကန့်မြို့နယ်တွင် ခြေချ တပ်စွဲထားသည့် KIA တပ်မဟာ ၂ လက်အောက်ခ၊ံ အမှတ် ၆ တပ်ရင်းကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ဤအချိန်မှစပြီး ဒေသခံကျေးရွာများကို တအိမ်တက်ဆင်း ပစ္စည်းများ လိုက်လံ သိမ်းယူနေပြီး လူများကို လည်း သွားလာခွင့် ပိတ်ပင်ခဲ့ပါသည်။

“အစိုးရတပ်တွေက  KIA တပ်ရင်း ၆ ကို သိမ်းပြီးတာနဲ့ ဖာ့ကန်းဒေသက ကျေးရွာတွေကို ဗိုလ်ကျ အုပ်ချုပ်လာတော့ တာ ပါဘဲ။ ဘာကြောင့် ဒီလို ပြောရသလဲ ဆိုတော့ KIA ကို တိုက်တုန်းကတော့ လူထုကို စစ်ရေးနဲ့နှိပ်ကွပ်တယ်။  အခုလို အချိန် မျိုးကျပြန်တော့လည်း လူထုကို အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေနဲ့ ချုပ်ချယ်ပြန်တယ်လေ။  ဒီ ဖားကန့်မြို့ လုံးခင်း ဒေသဆိုရင် လူတွေဟာ ကျောက်စိမ်းမှော်တွေနဲ့ဘဲ အသက်မွေးကြရတယ်လေ။ ဒါကိုပိတ်လိုက်ရင် ကျနော်တို့ကို သတ် ပစ်လိုက်တာနဲ့ အတူတူပါဘဲဗျာ။” ဟု ဒေသခံ ကျောက်စိမ်းတူးသမား တစ်ဦးက ဆိုပါသည်။

ဖားကန့်မြို့နယ် လုံးခင်းဒေသည် မိုးခေါင် ရေရှားပြီး ခြောက်သွေ့သော ဒေသ ဖြစ်သောကြောင့် တောင်ယာခုတ် ပြီး စပါး စိုက်ပျိုး၍ မရသည့် ဒေသဖြစ်ပါသည်။ ယင်းသို့ကြောင်း ဒေသခံပြည်သူများက ကျောက်စိမ်းများ ထွက်ရှိနေကြသည့် ကျောက်စိမ်းမှော် များကို မှီခို လုပ်ကိုင်စားသောက် နေရကြောင်း ဆိုပါသည်။

ဒေသခံများသည် ကျောက်စိမ်းမှော်များကို တရားဝင်အလုပ်လုပ်ခွင့် ရရှိစေရန် ကြိုးစား အားထုတ်သာ်လည်း အစိုးရ၏ စစ်ရေးစီမံချက်နှင့် အုပ်ချုပ်ရေးစီမံချက်ကြောင့် အဟန့်အတားဖြစ်နေကြောင်း ဆိုပါသည်။

“တရားဝင် လုပ်ခွင့်ရရှိဖို့ကလဲ ဘယ်သူ့ကို အားကိုးရမှာလဲ။ ပြည်နယ် ဝန်ကြီးလား၊ သူကဆိုရင် ရုပ်သေး ဝန်ကြီးပါခင်ဗျ။ မှော်တွေကို လိုက်ပိတ်နေတဲ့ ဒေသခံလှုပ်ရှားတပ်တွေမှာ ခွင့်တောင်းပြန်တော့လဲ ခဏခဏ တပ်ပြောင်းနေတော့ ပေးရတဲ့ အခွန်ဆောင်ခနဲ့ မတတ်နိုင်ပြန်ဘူး။ အသစ်ပြောင်းလာတိုင်း အခွန်သစ်တွေ ပြန်ဆောင်နေရရင်တော့ ဘယ်တတ်နိုင်မှာလဲ ဗျာ။” ဟု ဒေသခံ ကျောက်စိမ်းတူး သမားက ပြောကြား သွားပါသည်။

ထို့အပြင် အသက်မွေးဝမ်းကြောင်းအတွက် လုပ်ငန်းတွေ ခက်ခဲနေတဲ့ အချိန်တွင် မိုးကောင်းမြို့မှ ဖားကန့်မြို့သို့ သွားသည့် ကားလမ်းပိုင်းကိုလည်း  အစိုးရဖက်မှ အဖွဲ့ပေါင်းစုံ ဂိတ် ၄ နေရာခန့် ထပ်မံတိုးချဲ့ပြီး  ဖြတ်သန်းခများ သက်သေခံ ဖြတ်ပိုင်းမဲ့ ကောက်ခံနေသည်ဟု ကုန်သည် တစ်ဦးက ပြောပါသည်။

“ကားမိုင်းကျေးရွာ အဝင်မှာ တနေရာ၊ မအူပြင်မှာ တနေရာ၊ ကျားဟိုမှာ တနေရာနဲ့ ကျောက်ခြာမှာ တနေရာ  ဂိတ် သစ် တွေ ဖွင့်ထားပြီးတော့ နေ့တိုင်း ဝင်ထွက်နေတဲ့ ကားတွေ ဆိုင်ကယ်တွေ ကုန်ပစ္စည်းတွေ လူတွေကို မလွတ်တမ်း ကောက် တယ်ဆိုတော့ ကုန်စျေးနှုုံးကလဲ တအားတက်လာတယ်။” ဟု ဆိုပါသည်။

ဂိတ်တပ်ဖွဲ့ဝင်များသည် အသွားအပြန် တခေါက်စာအတွက် ကားတစ်စီးကို ကျပ်တစ်သောင်းပေးရပြီး၊ မော်တော်ဆိုင်ကယ် တစ်စီးကို ကျပ်၅၀၀၀၊  လူတစ်ယောက်ကို တစ်ထောင်ကျပ်နှုန်းဖြင့် နေ့စဉ် ကောက်ခံ နေပါသည်။ အထူးသဖြင့် ဒေသခံမှ တူးဖော်ရရှိလာသည့် ကျောက်စိမ်းများကိုတွေ့ရှိပါက ဖမ်းဆီးသည့်အပြင် သိမ်းဆည်းသွားလေ့ ရှိကြောင်း မျက်မြင် ဒေသခံ တစ်ဦးက ပြောဆိုသွားပါသည်။

ဤသည် KIA လှုပ်ရှားမှုအား ထိမ်းသိမ်းရန်အတွက် ဖြတ်လေးဖြတ် စစ်ဆင်ရေးနည်းဗျူဟာကို  အသုံးပြုပြီး ဖါးကန့်လုံခင်း မှ ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကြောင်းကို အခက်အခဲဖြစ်စေရန် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း စစ်ရေးအကဲ ခတ်များက ဆိုပါသည်။ သဘောမှာ လူထုများ၌စားဝတ်နေရေးနှင့် သွားလာရေး တွင် အခက်အခဲဖြစ်နေပါက KIA အား ပြန်လည်ထောက်ပံ့မှု မပေးနိုင်တော့သည့် အခြေအနေဖြစ်လာရန် ဖန်တီးနေခြင်းသာ ဖြစ်သည်ဟု ဆိုပါသည်။ 

Most read this week