ကယားပြည်နယ် ကေးထျိုးဘိုး ဂေါပကအဖွဲ့ချုပ်ရဲ့ ၅၅ ကြိမ်မြောက် စုပေါင်း ကေးထျိုးဘိုး ရိုးရာပွဲတော်ကို လွိုင်ကော်မြို့ ချိကယ်အုပ်စု ထေးသမရွာမှာ ဒီနေ့ညနေ ၄ နာရီခန့်မှာ အခမ်းအနားတရပ် ကျင်းပပြုလုပ် သွားမှာ ဖြစ်ပါတယ်။
ကေးထျိုးဘိုးခေါ် တံခွန်တိုင်ရိုးရာပွဲတော်မှာ ပွဲလည်သူပရိတ်သတ်တွေ ပျော်ရွင်နိုင်ဖို့အတွက် မြန်မာရုပ်ရှင် သရုပ်ဆောင် ရာဇာနေဝင်း၊ မြင့်မြတ်၊ သူထူးစံ၊ ကျော်ကျော်ဗို၊ ဇာနည်၊ ဟက်ကက်၊ မိုးယံဇွန်၊ ထွန်းထွန်း၊ နေဒွေး၊ ဝင်းထွန်းထွန်း (ဒါရိုက်တာ) အနုပညာရှင်များ၊ ဘိုဖြူ၊ အိုင်ရင်း ဇင်မာမြင့်၊ ငဲရယ် နှင့် တခြားအဆို ရှင်တွေကို ဖိတ်ခေါ်ပြီး ဖျော်ဖြေရေး အစီအစဉ်တွေ လည်း ပြုလုပ်ပေးပါတယ်။
"ကျနော်တို့ ဒီနှစ်ကတော့ပွဲတော်ဆိုလို့ရှိရင် ကျနော်တို့ဂေါပကအဖွဲ့တွေအနေနဲ့ လုပ်တာက ဒီနေ့ပွဲနဲ့ဆို ၅၅ ကြိမ်မြောက် ပွဲတော်ဖြစ်သွားပြီ ဒီနှစ်ပွဲတော်ကတော့ ဟိုရင်ကတည်းလိုပဲ ရိုးရာနဲ့ပဲ ကျနော်တို့ရိုးရာ စဉ်လာမပျက်ပဲ ကျနော်တို့ လုပ်ဆောင်ပါတယ် နောက်ပြီးတော့ ခေတ်နဲ့အညီ ဒီတနှစ်ကတော့ အားကစား မျိုးစုံနဲ့ထည့်ပီးတော့မှကျင်းပပါတယ်။ ပျော်ပွဲရွှင်ပွဲ လည်းဖြစ်အောင် စည်စည်ကားကားလည်းဖြစ်အောင် စတိတ်ရှိုး အဆိုတော်တွေ ဖိတ်ကြားပြီးတော့မှ ဒါကျနော်တို့ လုပ်ဆောင်ပါတယ်" လို့ ကေးထျိုးဘိုး ဂေါပကအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးဖိုးရယ်က ပြောပါတယ်။
ကယားပြည်က ကရင်နီမျိုးနွယ်စုတို့ဟာ မိမိတို့အမှီတဟဲပြုနေရတဲ့ ရေမြေတောတောင်နဲ့ ကောင်းကင်၊ နေ၊ လ၊ ကြယ် တို့ရဲ့သခင်ကို ချီးမွန်း ပူဇော်ခြင်းနဲ့ တိရိစ္ဆာန်၊ သီးနှံလယ်ယာမြေတို့အတွက် ကောင်းကြီးမင်္ဂလာ တောင်းခံဖို့အတွက် တံခွန်တိုင်ပွဲတော်ကို ကျင်းပပြုလုပ်ကြတာပါ။
ကရင်နီအမျိုးသားတွေဟာ တံခွန်တိုင်ပွဲတော်ကို ခရစ်ယန်သာသနာ မထွန်းကားခင်ကတည်းက အစဉ် အလာအရ တနှစ်တခါပြုလုပ်လာခဲ့ကြတဲ့အတွက် အမျိုးသားတို့ရဲ့ သမိုင်းယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာကို ဖေါ်ညွန်းတဲ့ ပွဲလမ်းသဘင် ဖြစ်ပါတယ်။
"ဒီပွဲတော်ကတော့ အခုခေတ်မှာတော့ ကျနော်တို့ ဘာသာရေးတခုအနေနဲ့ သတ်မှတ်လို့မရပါဘူး ရှေးရှေး တုန်းကတော့ ဒီဘာသာရေး မထွန်းကားသေးတဲ့အချိန်မှာ ကိုယ့်ရိုးရာတခုလိုမျိုး အစဉ်အလာမပျက် ရှေးဘဝင်သနီကတည်းက လုပ်လာတဲ့ပွဲတော်ဆိုတော့ ကျနော်တို့ ဒီဘာသာတခုလို့ သတ်မှတ်လို့မရပါဘူး။ ရိုးရာပွဲတော်တခုအနေနဲ့ပဲ သတ်မှတ်ပါတယ်"လို့ ဒု-ဥက္ကဌ ဦးဖိုးရယ်က ပြောပါတယ်။
အမျိုးသားလက္ခဏာနဲ့ သမိုင်းယဉ်ကျေးမှုကိုဆောင်တဲ့ တံခွန်တိုင်ပွဲကို ကရင်နီမျိုးနွယ်စုတွေဖြစ်ကြတဲ့ ကယား၊ ကယန်း၊ ကယောတို့ကနေ ယနေ့ထိတိုင် မိမိတို့ဘိုးဘွားအစဉ်အရ ကျင်းပပြုလုပ် နေကြတာပါ။
ယနေ့အခမ်းအနားပြီး ညအစီအစဉ်အနေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ ဆက်လုပ်သွားကြမှာဖြစ်ပြီး လာမည့် မနက်ဖြန်မှာတော့ စုပေါင်းကေးထျိုးဘိုးတိုင်တော်ကို မြေစိုက်ထူကြမှာ ဖြစ်ပါတယ်။



