ပြန်လည်ထူထောင်ရေးကို နေရာဟောင်းမှာဘဲ လုပ်ဖို့ ဒုက္ခသည်များ ဆန္ဒရှိ

ပြန်လည်ထူထောင်ရေးကို နေရာဟောင်းမှာဘဲ လုပ်ဖို့ ဒုက္ခသည်များ ဆန္ဒရှိ
by -
ကန္တာရဝတီတိုင်း(မ်)

မီးလောင်မှုကြောင့် စခန်းထက်ဝက်ကျော် ပြာကျသွားခဲ့ရပေမဲ့လို့ ပြန်လည်ထူထောင်ရာမှာ နေရာသစ်သို့ မရွှေ့ပြောင်းဘဲ ဖြစ်နိုင်ရင် လက်ရှိစခန်းအတွင်းမှာ ပြန်လှည်နေထိုင်ဖို့ ဆန္ဒရှိတယ်လို့ ဒုက္ခသည်ကော်မီတီက ပြောပါတယ်။

မတ်လ ၂၂ ရက် သောကြာနေ့က ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ မယ်စူရင်း ဒုက္ခသည်စခန်း (ကရင်နီအမှတ် (၂) ဒုက္ခသည်စခန်း) မှ လူအများစုနေထိုင်တဲ့ ရပ်ကွက်နှစ်ခုလုံး မီးလောင်ကျွမ်းခဲ့တဲ့အတွက် အမျိုးသမီးနဲ့ ကလေးအပါအဝင် လူ ၃၇ ဦးသေးဆုံးပြီး လူဦးရေ ၂၃၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ကရင်နီအမှတ် (၂) ဒုက္ခသည်စခန်း ကော်မီတီဥက္ကဌ နော်ရှယ်လီသန်း (ဓါတ်ပုံ-ကေတီ)
"နေရာသစ်တော့...ကျမတို ့မမျော်လင့်ပါဘူး။ ဒါပေမဲ့ ဒီနေရာဟောင်းကြီးကိုတော့ သက်ဆိုင်ရာအာဏာပိုင်က ဘယ်လို စီစဉ်ပေး မလဲမသိဘူး။ နေရာသစ်ကိုတော့ရဖို့တော့ မမျော်လင့်ပါဘူး" ကရင်နီအမှတ် (၂) ဒုက္ခသည်စခန်း ကော်မီတီ ဥက္ကဌ နော်ရှယ်လီသန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၉၉၃ ခုနှစ်က စတင် ထူထောင်ခဲ့တဲ့  အမှတ်-၂ စခန်းမှာ ရပ်ကွက် ၄ ခုရှိပြီး လက်ရှိဒုက္ခသည်ဦးရေ ၃၅၀၀ ခန့် နေထိုင်ကြပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် အသေအပျောက်အလောင်း စုံစမ်းရှာဖွေမှုတရပ်ကို ထိုင်းဒေသခံ အာဏာပိုင်များမှ တနင်္ဂနွေနေ့က ပြီးဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ကျား၂၁ ဦးနဲ့ အမျိုးသမီး ၁၆ တို့ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ဒုက္ခသည်တွေ အများအပြားသေဆုံးခဲ့ရတဲ့ သောကြာနေ့မီးဟာ စခန်းတွင်းရှိ ဆေးပေးခန်း၊ စာသင်ကျောင်း၊ ရိက္ခာသိုလောင်သောဂိုဒေါင်၊ ထိုင်းစခန်း လုံခြံုရေးတပ်စခန်းအပါအဝင် အိမ်ခြေ ၄၀၀ ကျော်ကို ပျက်စီးစေခဲ့ပါတယ်။

ဒုက္ခသည်တွေအနေနဲ့ တခြားနေရာမှာ သွားရောက်နေထိုင်လိုတဲ့ ဆန္ဒမရှိတဲ့အတွက် ပြန်လည်ထူထောင်ရေးကိစ္စကို အမှတ် -၂ စခန်းတွင်းမှာသာ ပြန်လည် လုပ်ဆောင်သွားမယ်လို့ မယ်ဟောင်ဆောင်မြို့ဝန် Naruemon Palawat ပြောကြားကြောင်း မတ်လ ၂၄ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

ဒါပေမဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ဘယ်အချိန်မှာ စတင်မလဲဆိုတာကို ဖော်ပြထားခြင်း မရှိသေးပါဘူး။