နိုင်ငံခြားဧည့်သည်များ ကယားပြည်နယ် မြို့သုံးမြို့ကို လည်ပတ်ခွင့်ပြုပြီ

နိုင်ငံခြားဧည့်သည်များ ကယားပြည်နယ် မြို့သုံးမြို့ကို လည်ပတ်ခွင့်ပြုပြီ
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ) ပြည်နယ်အတွင်း အစိုးရမှ နိုင်ငံခြားဧည့်သည်များအတွက် မြို့နေရာသုံးခုကို လာရောက် လေ့လာ လည်ပတ် နိုင်ရန်အတွက် ခွင့်ပြုလာတာကို တွေ့မြင်နေရပါတယ်။

ယခင်က ကယားပြည်နယ်သို့ နိုင်ငံခြားဧည့်သည်များ လာရောက်လည်ပတ်ရန် တင်းကျပ်မှုများရှိခဲ့ သော်လည်း ယခုတွင် လွိုင်ကော်မြို့ တခုတည်းသာမက တခြားမြို့ဖြစ်သည့် ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့ပေါ်သို့ လာရောက် လည်ပတ်နိုင်ပြီဖြစ်တယ်လို့ စီမံနှင့်စီးပွားရေးဝန်ကြီး ဦးတော့ရယ်က ပြောပါတယ်။

“အရင်တုန်းကတော့ လွိုင်ကော်မြို့တွင်းမှာပဲ ခွင့်ပြုချက် ပေးထားတယ်ပေါ့နော။ နည်းနည်းလျော့ချလာပြီ ဘယ်လိုလျော့ချလဲ ဆိုရင်တော့ လွိုင်ကော်မြို့တွင်းနဲ့ လွိုင်ကော်နယ်အတွင်း…. ဒီးမောဆိုမြို့တွင်းနဲ့ ဖရူဆိုမြို့တွင်း။ ဒီမြို့သုံးမြို့ထဲမှာ ခွင့်ပြုချက် ပေးထားတယ်ပေါ့နော" လို့ ပြောပါတယ်။

ယခင်က နိုင်ငံခြားဧည့်သည်များ လာရောက်လေ့လာ လည်ပတ်နိုင်ရန် ပြည်ထောင်စုအစိုးရထံ ခွင့်တောင်းခံရ သည့်အပြင် ၎င်းတို့၏ လုံခြံုရေး ကန့်သန့်ချက်များကြောင့် ကယားပြည်နယ်အတွင်း လွိုင်ကော်မြို့ တခုတည်းကိုသာ လေ့လာလည်ပတ်ခွင့် ရခဲ့တာဖြစ်ပါတယ်။

ကယားပြည်နယ်သို့ လာရောက်သူ နိုင်ငံခြားသားများသည် အများအားဖြင့် ကယားပြည်နယ်ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေအပေါ် လာရောက် လေ့လာသူများဖြစ်ကြပြီး tourism အဖြစ် လာရောက် လည်ပတ်မှု အနည်းကျဉ်းသာ ရှိသေးကြောင်း သိရပါတယ်။

ကယားပြည်နယ် တခြားမြို့နယ်များနှင့် နယ်စွန်နယ်ဖျားထိ သွားလာခွင့်မပြုရခြင်းကိုတော့ လျှပ်စစ်စွမ်း အင်ဝန်ကြီး ဦးစောဟူးဟူးက ခုလိုပြောပါတယ်။

“အခုချိန် သူတို့လာလို့ရှိရင် သူတို့ အတွက် အခက်အခဲရှိနိုင်တယ်။ သူတို့မှာလည်းပဲ အကန့်အသတ်က ရှိသေးတယ်။ ဒါကလည်းပဲ သူတို့အတွက် ကြည့်ပေးရတာပေါ့နော။ နိုင်ငံခြားသား ဖြစ်တဲ့အတွက်ကြောင့် မို့လို့ သူတို့ရဲ့လုံခြံုရေး၊ သူတို့ရဲ့ သွားရေးလာရေး အတွက် အခုလောလောဆယ်တော့ အဆင်မပြေသေး ဘူးပေါ့။ တကယ်လို့ အားလုံးက အဆင်ပြေလာပြီဆိုရင် ကျနော်တို့က ဘာမှပြောစရာမလိုဘူး။ ကျနော်က အဲလိုထင်တယ်" လို့ပြောပါတယ်။

ယခုလအတွင်းမှာလည်း ကယားပြည်နယ်အတွင်း နိုင်ငံခြားခရီးသွားလာရေး လုပ်ငန်းအတွက် လာရောက်လေ့လာနေကြတဲ့ ကုမ္ပဏီများကလည်း နေရာအနှံ့ သွားရောက်လေ့လာ နေကြတယ်လို့ သိရပါတယ်။

Most read this week