ရွာသစ်ရေအား လျှပ်စစ်စီမံကိန်း မီဒီယာများ သွားရောက်လေ့လာခွင့်မရ

ရွာသစ်ရေအား လျှပ်စစ်စီမံကိန်း မီဒီယာများ သွားရောက်လေ့လာခွင့်မရ
by -
ကန္တာရဝတီတိုင်း(မ်)

သံလွင်မြစ်ပေါ် အကောင်အထည်ဖော် တည်ဆောက်မည့် ရွာသစ်ရေအား လျှပ်စစ်စီမံကိန်းကို လေ့လာဖို့ အတွက် ပြည်တွင်းပြည်ပရှိ သတင်းမီဒီယာတွေကနေ ကယားပြည်နယ်ကို ရောက်ရှိ လာကြပေမယ့် ၎င်းစီမံကိန်းသို့ သွားရောက်လေ့လာဖို့ အာဏာပိုင်တွေက တားဆီးပိတ်ပင် နေတာကို ကြံုတွေ့နေရပါတယ်။

ကန္တာရဝတီတိုင်း(မ်) သတင်းထောက်အပါအဝင် ရန်ကုန် အခြေစိုက် ဂျာနယ်တိုက်တွေနဲ့ ပြည်ပ သတင်းမီဒီယာအဖွဲ့ စုစုပေါင်း (၁၁) ဖွဲ့မှ သတင်းထောက်အသီးသီးက သွားရောက်လေ့လာဖို့ မတ်လ ၁၄ ရက်နေ့က ဖားဆောင်းမြို့ အထိရောက်သွားခဲ့ ကြပေမယ့် စီမံကိန်းဧရိယာကိုတော့  သွားခွင့်မရခဲ့ပါဘူး။

ကန္တာရဝတီတိုင်း(မ်)မှ အဖွဲ့ဝင် တဦးက "ကျနော်တို့သတင်းထောက်အဖွဲ့တွေ အနေနဲ့ စီမံကိန်းဆိုက်ထဲကို သွားချင်တယ်၊ လိုက်ပို့ပေးပါလို့ အာဏာပိုင်တွေကို ခွင့်တောင်းပြီး လိုက်ပို့ခိုင်းပါတယ်။ သူတို့ကမဖြစ်နိုင် သေးဘူးဆိုပြီး အဲလိုပြောပါတယ်" လို့ ပြောပါတယ်။

မတ်လ ၁၅ ရက်နေ့ ပြည်နယ်အစိုးရ အစည်းအဝေးခန်းမမှာ ဝန်ကြီးချုပ် ဦးခင်မောင်ဦးနဲ့ သတင်းသမားတွေ တွေ့ဆုံခဲ့ကြစဉ်က စီမံကိန်းအထိ သွားရောက်လေ့လာခွင့်ပြုဖို့နဲ့ ပတ်သက်ပြီး Weekly ဂျာနယ်မှ သတင်းထောက် တဦးက  ပြည်နယ် အစိုးရကို တဖက်တလမ်းက ကူညီပေးဖို့ ခွင့်တောင်းခဲ့ပါတယ်။

"ကျနော်တို့ဒီမီဒီယာအနေနဲ့ ဆည်ဆောက်လုပ်မှုတွေရဲ့ စီမံကိန်းကို သွားချင်တဲ့ ဆန္ဒမျိုးတွေ ဖြစ်ပေါ်နေတယ်။ အဲဒါမျိုး အဘတို့အစိုးရ ပြည်နယ်အနေနဲ့ ကူညီပြီးဆောင်ရွက်ပေးနိုင်မလား၊ တပ်တွေ လုံခြံုရေးဂိတ်တွေ အများကြီးချထားတယ်။ ဆည်ကို ပွင့်လင်းမြင်သာမှု ရှိတယ်ဆိုရင်တော့ ကျနော်တို့လည်း အဲဒါလေးသိချင်တယ်။ မီဒီယာအပိုင်းအနေနဲ့ ခွင့်တောင်းချင်တာပါ"

ရွာသစ်စီမံကိန်းက ပြည်နယ်အစိုးရအနေနဲ့ လုပ်ပိုင်ခွင့်မရှိကြောင်းနဲ့ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့တွေမှာသာ လုပ်ပိုင်ခွင့်ရှိတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ပြောပါတယ်။

ဝန်ကြီးချုပ်က "အဲဒါကတော့ ပြည်ထောင်စုဝန်ကြီးတို့နဲ့ ပြောမှ ဖြစ်မယ်။ လုပ်ငန်းပိုင်းဆိုင်ရာက အဲဒါ ကျနော်တို့နဲ့ မဆိုင်ဘူး။ ပြည်ထောင်စုဝန်ကြီး လျှပ်စစ်ပိုင်းကဆိုင်တော့ ကျနော်က သွားပါလာပါလို့ ပြောလို့မရဘူး ။ တည်ဆောက်ဆဲဟာကတော့ ဟိုဘက်ကဘဲ ပိုင်တယ်။ ကျနော်တို့မပိုင်ဘူး" လို့ ပြောပါတယ်။

ကယားပြည်နယ်မှာ ရွာသစ်ရေအားလျှပ်စစ် စီမံကိန်းအပါအဝင် အကြီးစားစီမံကိန်းတွေနဲ့ ပတ်သက်လို့ အများပြည်သူလူထုအပေါ် ပွင့်လင်းမြင်သာမှုရှိဖို့ အစိုးရနဲ့ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့ ဇွန်လ ၉ ရက်နေ့ ပြည်ထောင်စုအဆင့် ပထမအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ သဘောတူ ထားကြပြီးဖြစ်ပါတယ်။

သို့ပေမယ့်လည်း ယခုအချိန်ထိ ပွင့်လင်းမြင်သာမှု မရှိသေးတာကြောင့် ဒေသခံတွေကလည်းတောင်းဆို နေကြတယ်လို့ သိရပါတယ်။

Most read this week