အစိုးရနှင့် UNFC အဖွဲ့ လာမည့်တစ်ပတ်အတွင်း တွေ့ဆုံမည်

အစိုးရနှင့် UNFC အဖွဲ့ လာမည့်တစ်ပတ်အတွင်း တွေ့ဆုံမည်
by -
ရွှေဟင်္သာ

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC တို့ နိုင်ငံရေးအရ ဆွေးနွေးနိုင်ရန် ရှေ့အပတ်ထဲတွင် တွေ့ဆုံကြဖို့ သဘောတူလိုက်ကြောင်း UNFC ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နှစ်ဖက် ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံရန် အစိုးရဘက်က ကမ်းလှမ်းလာသည့်အပေါ် UNFC က အရေးပေါ် အစည်းအဝေးတရပ် ကျင်းပ၍ ဆုံးဖြတ်ခဲ့ကြောင်း “အစိုးရ အဖွဲ့ဘက်က ကမ်းလှမ်းချက်ကို အကြောင်းပြန်နိုင်ဖို့ ကျနော်တို့ဘက်က အရေးပေါ် အစည်းအဝေး ခေါ်ခဲ့တယ်။ အစိုးရဘက်ကတော့ ဒီလ ၂၀ ရက်နေ့မှာတွေ့ကြဖို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီအပေါ် ဆွေးနွေးကြတာပါ။ တတိယနိုင်ငံ တခုမှာ တွေ့ကြမယ်ဆိုတော့ အဖွဲ့ဝင်အားလုံးက သဘောတူလိုက်ကြပါတယ်။” ဟုဆိုသည်။

အဆိုပါ အစည်းအဝေးသို့ UNFC အဖွဲ့ဝင် (၃၀) ဦး တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့ ညအထိ ထိုင်းနိုင်ငံ နယ်စပ်တနေရာ၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲကိုမူ ထိုင်းနိုင်ငံ အတွင်း၌သာ တွေ့ဆုံသွားမည်ဟု ယမန်နေ့က ဆုံးဖြတ်ခဲ့သလို ယင်းအဆိုကို အစိုးရအဖွဲ့မှ သဘောတူခဲ့ကြောင်းလည်း သိရသည်။

UNFC အဖွဲ့သည် အစိုးရ၏ငြိမ်းချမ်းရေးအဖွဲ့နှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့က ထိုင်းနိုင်ငံ၌ ပထမအကြိမ် တွေ့ ဆုံခဲ့ပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက်ကျင်းပသွားရန် သဘောတူခဲ့ကြပြီး ဇန္နဝါရီလတွင် ထပ်မံဆွေ့ဆုံကြရန် အစိုးရဘက်က ကမ်းလှမ်းထားခဲ့သည်။

သို့ သော် အစိုးရတပ်က ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ၏ လိုင်ဇာ ဗဟိုဌာနချုပ်အား ထိုးစစ်ဆင် တိုက်ခိုက်နေသောကြောင့် နိုင်ငံရေး ဆွေးနွေးပွဲ မကျင်းပနိုင်သေးကြောင်း UNFC မှ ပြီးခဲ့သည် ဇန္နဝါရီလ (၁၁) ရက်နေ့က သဘောထား ထုတ်ပြန်ခဲ့သည်။

ယင်းနောက် ဖေဖော်ဝါရီလ (၄) ရက်နေ့က KIO နှင့် အစိုးရတို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး UNFC နှင့် အစိုးရတို့၏ နိုင်ငံရေးဆွေးနွေးပွဲ ပြန်လည်အသက်ဝင် ခဲ့ခြင်း ဖြစ်သည်။

“အဲဒီရွှေလီဆွေးနွေးပွဲဟာ UNFC နဲ့ အစိုးရတို့ရဲ့ တစ်နေတဲ့ နိုင်ငံရေး ဆက်ဆွေးနွေးပွဲကိစ္စ လမ်းစပြန်ပွင့်လာတာဖြစ်ပါတယ်။ အခု စစ်ပွဲတွေ ရပ်ဆိုင်းနေပြီ ဆိုတော့ တွေ့ဆုံရေးကို စနိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။” ဟု ပြန်ကြားရေးမှုုးက ပြောဆိုသည်။

Most read this week