ဖက်ဒရယ်စနစ်ကို လိုလားကြောင်း ညီနောင်တိုင်းရင်းသားပါတီများ သဘောထားထုတ်ပြန်

ဖက်ဒရယ်စနစ်ကို လိုလားကြောင်း ညီနောင်တိုင်းရင်းသားပါတီများ သဘောထားထုတ်ပြန်
by -
ကေအိုင်စီ

မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်ပေါ်ထွန်းရေးကို လိုလားကြောင်း တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်း ရင်းသားပါတီများ(Nationalities Brotherhood Forum)က နိုဝင်ဘာလ ၁၁ ရက်နေ့က သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ညီနောင်တိုင်းရင်းသားပါတီများ ၁၃ ကြိမ်မြောက် အစည်း အဝေးပြီးနောက် ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ခွဲထွက်ရေးမဟုတ်ကြောင်း အပါအဝင် အချက် ၆ ချက်ကို ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

ညီနောင်တိုင်းရင်းသားပါတီများ၏ အဖွဲ့ဝင်တခုဖြစ်သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP မှ ဒုဥက္ကဌ မန်းအောင်ပြည်စိုးက “ဖက်ဒရယ်ဆိုတာ အဓိပ္ပါယ်အမျိုးမျိုး ပြောဆိုနေကြတယ်။ တချို့ကတော့ ခွဲထွက်ရေးလို့ မြင်နေ ကြတယ်။ ဒါပေမယ့် အခု ကျနော်တို့ တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဟာ စုစည်းဖို့ ဖြစ်တယ်ဆိုတာ အများသိစေချင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းကြေညာချက်၌ ဖက်ဒရယ်ကိစ္စအပြင် လက်ရှိပါတီများ၏ အမည်ပြောင်းလဲခေါ်ဝေါ်ခြင်း၊ အချိုးကျ ကိုယ်စားပြုစနစ်ကို မဲဆန္ဒရှင်ပြည်သူများနှင့် ပြည်နယ်များ၏ အခြေအနေအရ ၂၀၁၅ တွင် ကျင့်သုံးရန် မသင့်လျော်သေးခြင်း၊ လက်ရှိ ပြည်နယ်များ၏ အမည်များကို ပြောင်းလဲလိုသည့် အယူအဆများကို လက်မခံခြင်း၊ ရခိုင်အရေးကို အစိုးရမှ သတိကြီးစွာ ဖြေရှင်းပေးလိုခြင်းနှင့် အမေရိကန်သမ္မတ ဘရက်အိုဘားမား၏ မြန်မာပြည်ခရီးစဉ်ကို ကြိုဆိုခြင်း စသည့်အချက်များ ပါ၀င်သည်။

ညီနောင်ပါတီများ၏ အစည်းအဝေးသို့ လေ့လာသူများအဖြစ် တိုင်းလိုင်(သျှမ်းနီ)အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်း သားလူမျိုးများဒီမိုကရေစီပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ “၀” ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး စုစုပေါင်းလူဦးရေ ၄၀ ကျော် ပါ၀င်ဆွေးနွေးခဲ့သည်။

၎င်းအပြင် လေ့လာသူအဖြစ် တက်ရောက်ခဲ့သည့် တိုင်းရင်းသားပါတီများကလည်း ညီနောင်ပါတီများနည်းတူ ဖက်ဒရယ်စနစ် မှာ ခွဲထွက်ရေးမဟုတ်ကြောင်းကို လက်ခံခဲ့သည်ဟု သိရသည်။

ညီနောင်တိုင်းရင်းသားပါတီများကို ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ အဖွဲ့ဝင်များအဖြစ် သျှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမို ကရေစီပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီနှင့် ကယန်းအမျိုးသားပါတီတို့ ဖြစ်သည်။

တချိန်တည်းတွင် မူလ ခေါ်ဝေါ်သော ညီနောင်တိုင်းရင်းသားပါတီများ-Nationalities Brotherhood Forum ကို ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (Nationalities Brotherhood Federation)အဖြစ် ပြောင်းလဲခေါ်ဝေါ်လိုက်ကြောင်း ကြေညာချက်၌ ဖော်ပြပါရှိသည်။

Most read this week