မြန်မာပြည်ထဲက ကယား(ကရင်နီ)ပြည်နယ်ဟာ အသေးငယ်ဆုံးပြည်နယ်ဖြစ်ပေမဲ့ လမ်းပမ်းဆက်သွယ်ရေး ကြမ်းတမ်းတဲ့အဆင့်မှာ ရှိနေတဲ့အတွက် အစိုးရမှ ကျပ်သန်းပေါင်း ၅,၆၀၀ ကျော်အကုန်ကျခံပြီး လမ်းတံတားများ ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ ပြည်ထောင်စု အစိုးရ ၀န်ကြီးများအဖွဲ့ဟာ နိုဝင်ဘာလ ၁၂ ရက်နေ့က ကယားပြည်နယ်လွိုင်ကော်မြို့ မြို့တော်ခန်းမမှာ ပြည်နယ်ဝန်ကြီးတွေအပါအဝင် လူထုကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
“ကယားပြည်နယ် မှာရှိတဲ့ ပြည်သူများ.. တိုင်းရင်း သားပြည်သူများရဲ့ အသံ သူတို့ရဲ့ဆန္ဒများကို ကြားနိုင် သလောက်ကြားအောင် လာရောက်နားထောင်ပြီး ဒီကမှတဆင့် လက်ငင်းအကျိုး စီးပွားဖော်ဆောင်မယ့် ကိစ္စကို ကျနော်နဲ့အတူပါလာတဲ့ဝန်ကြီးများ သက်ဆိုင်ရာဌာန အသီးသီးက ဆောင်ရွက်ပေးနိုင်မှုနဲ့ မူဝါဒတွေအားဖြင့် ပေါ်ထွက်လာမယ့် ကိစ္စများကို ကျနော်တို့ လွတ်တော်တွေက ဥပဒေအဖြစ် ပြဌာန်း နိုင်ဖို့ရည်ရွယ်ပါတယ်” လို့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ကယားပြည်နယ်သို့ ရောက်လာရ တဲ့အကြောင်းအရင်း ရှင်းပြပါတယ်။
လမ်းပန်းဆက်သွယ်ရေးနဲ့ ပါတ်သက်ပြီး ပြည်နယ်ရဲ့ လိုအပ်ချက်များကို လူထုကိုယ်စားလှယ်တွေ အနေနဲ့ တင်ပြဆွေးနွေး စဉ်မှာ ပြည်ထောင်စုဆောက် လုပ်ရေးဝန်ကြီး ဦးကျော်ဒင်က ယခုလိုပြော ပါတယ်။
“ဒီနှစ်မှာကျနော်တို့ စောစောကတင်ပြတဲ့အတိုင်း ကယားပြည်နယ်တခုလုံးအတွက်ဆိုရင် သန်းပေါင်း ငါးထောင် ခြောက်ရာ ဆယ့်ခြောက် ဒသမ ရှစ်နှစ်ကိုး သန်းကို အသုံးပြုပြီးတော့ လမ်းတံတားများ တိုးတက်ရေးအတွက် ကျနော်တို့ဆောင်ရွက် သွားမယ်ဖြစ်ပါတယ်။”
လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေအပြင် ပြည်နယ်မှာလိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ တခြားဖွံ့ဖြိုးရေး လုပ်ငန်းများလည်း လုပ်ဆောင်နိုုင်ရန် လူထုကိုယ်စားလှယ်များက တင်ပြကြပါတယ်။
ပြည်နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိနေတဲ့ အကြောင်းနဲ့ ပ်သက်လို့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) မှ ဥက္ကဌ ဦးထွန်းကျော်က “ကျနော်တို့ကယားပြည်နယ်ရဲ့လမ်း ဟာတိုတယ်ဆိုပေမဲ့ တော်တော်လေးကြမ်းတမ်းပါသေးတယ်။ ကျနော်တို့လွိုင်ကော်ကနေ မော်ချီး၊ လွိုင်ကော်-မယ်စဲ၊ လွိုင်ကော်-ရှားတော၊ လွိုင်ကော်-ရွာသစ် နောက်တဆင့် တဖက်နိုင်ငံနဲ့ဆက်သွယ်တဲ့ လမ်းပန်းဟာ အင်မတန်မှ ကြမ်းတမ်းတဲ့အဆင့်မှာပဲ ရှိနေပါသေးတယ်” ပြောဆိုခဲ့သည်။
အခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်း၊ လူမှုရေးအသင်းအဖွဲ့များ ၊ကုမ္ပဏီများ ၊ဘဏ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ INGO များ စုစုပေါင် ၂၉၀ ၀န်းကျင် တက်ရောက်ခဲ့ကြပါတယ်။
ပြည်နယ်ရဲ့လိုအပ်ချက်များနဲ့ပါတ်သက်ပြီး လူထုကိုယ်စားလှယ်များနဲ့ အစိုးရတို့အကြား အပြန်အလှန်တင်ပြ ဆွေးနွေးကြတဲ့အပေါ် လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ယခုလို ပြောဆိုခဲ့ပါတယ်။
“ပြည်ထောင်စုအစိုးရ ပြည်ထောင်စု ၀န်ကြီးများနဲ့ ဌာနအသီးက ပုဂ္ဂိုလ် များအနေနဲ့ ကယားပြည် နယ်အတွင်းမှာ မိမိတို့ဌာနအလိုက် မည်၍မည်မျှ ဘဏ္ဍာငွေ ကျခံသုံးမယ်ဆိုတာကို အားလုံးကြားသိပြီးဖြစ် ပါတယ်။ ပြည် သူများ ပြည်သူ့ကိုယ်စား လှယ်များအနေနဲ့ အခုလိုတင်ပြသွား တဲ့တင်ပြချက်များကို မှတ်ထားပြီး အမှန်တကယ် မိမိနယ်မြေမှာ လာရောက် ဆောင်ရွက်ခြင်းရှိမရှိဆိုတာ လည်းစောင့်ကြည့် သတင်းယူပြီးတော့ လွတ်တော်မှတဆင့် ပြန်လည်သတင်းပေးနိုင်ပါတယ်။ ဒီလိုပြောခြင်းဟာ ကျနော်တို့ကတိအတိုင်း ဆောင်ရွက်မယ်ဆိုတာကို ဖော်ဆောင်သလို၊ ကတိအတိုင်း မဆောင်ရွက်ပေးဘူးဆိုရင်လည်း အချိန်မရွေးကျနော်တို့ဆီပြန်ပြီးတော့ တင်ပြညှိနိုင်းဆောင်ရွက်နိုင်တယ်ဆိုတဲ့အကြောင်း ပြောခြင်းဖြစ်ပါတယ်”



