ဖမ်းဆီးမိသည့် TNLA တပ်ကြပ်တစ်ဦး အစိုးရတပ်၏ သတ်ဖြတ်ခြင်းခံရ

ဖမ်းဆီးမိသည့် TNLA တပ်ကြပ်တစ်ဦး အစိုးရတပ်၏ သတ်ဖြတ်ခြင်းခံရ
by -
ကေအိုင်စီ

သျှမ်းပြည်မြောက်ပိုင်း၊ မန်းတုံမြို့နယ် အတွင်း လှုပ်ရှားနေသည့် တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေးတပ် မတော်-TNLA မှ တပ်ကြပ်တစ်ဦး ခွင့်ယူ၍ အိမ်ပြန်ခဲ့ရာ ၎င်း၏ဇာတိ မန်မောက်တန်တေးရွာ မရောက်မီ ပန်ကူရွာ၌ အစိုးရတပ်၏ ဖမ်းဆီးခံရပြီး အသတ်ခံခဲ့ရသည်။

မိသားစုဝင်တစ်ဦးနာမကျန်းသဖြင့် ဌာနေသို့ ပြန်လာသည့် တပ်ကြပ်အဆင့်ရှိ အသက် ၂၅ နှစ်အရွယ် အယိုင်အောင်သည် နိုဝင်ဘာလ ၁၀ ရက်နေ့က မန်တုံအခြေစိုက် မြန်မာအစိုးရစစ်တပ် ခြေလျင်တပ်ရင်း (ခလရ-၁၃၀) ၏ ဖမ်းဆီးမှု ခံခဲ့ရပြီး စစ်ဆေးခံရကာ နိုဝင်ဘာလ ၁၁ ရက်နေ့က အသတ်ခံရခြင်းဖြစ်သည်။

တအာင်း(ပလောင်)ပြည် လွတ်မြောက်ရေးတပ်ဦး(PSLF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးမိုင်းဘုန်းကျော်က “သူက မိသားစု အသည်းအသန်ဖြစ်တယ်ဆိုပြီး ပြန်ဖို့ခွင့်ပေးလိုက်တာ။ လမ်းမှာ အစိုးရစစ်တပ်က သူ့ကိုဖမ်း လိုက်တယ်။ နောက် စစ်ဆေးပြီး သူ့ကို တောမှာပဲ ပစ်သတ်လိုက်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

PSLF သည် TNLA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်ပြီး အစိုးရတပ်အနေဖြင့် နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေအရ တဖက်မှ လက်နက် ကိုင်အဖွဲ့ကို ဖမ်းဆီးမိပါက စစ်သုံ့ပန်းအဖြစ်သာ ထားရမည်ဖြစ်ပြီး  အသက်သေဆုံးသည်အထိ နှိပ်စက်မှု မပြုလုပ်သင့်ကြောင်း မိုင်းဘုန်းကျော်က ဆက်လက်ပြောဆိုသည်။

၎င်းတပ်ကြပ် အယိုင်အောင်၏ အလောင်းကို ခလရ(၁၃၀)မှ တောတွင်းတနေရာ၌ ပစ်ထားခဲ့ရာ ယမန်နေ့က ဆွေမျိုး အသိုင်းအဝိုင်းများက မြေမြှုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

Most read this week