လုံခြံုစိတ်ချသည့် အခြေချနေထိုင်ရေး အချိန်ယူဖို့လိုဟု UNHCR ပြော

လုံခြံုစိတ်ချသည့် အခြေချနေထိုင်ရေး အချိန်ယူဖို့လိုဟု UNHCR ပြော
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီဒုက္ခသည်တွေအနေနဲ့ ပြည်တွင်းသို့ပြန်လည်အခြေချနေထိုင်ရာမှာ မိမိတို့ရဲ့့ဆန္ဒအလျောက် ကိုယ့်ရပ်ကိုယ့် ရွာတွေမှာ ဘေးကင်းစွာ နဲ့ပြန်လည်နေထိုင်နိုင်ဖို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCRအနေဖြင့် ကူညီဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိတယ်လို့ဆိုပါတယ်။

UNHCR မှ ဒုက္ခသည်အမှတ်(၁) စခန်းထဲရှိ CBO များနှင့် တွေ့ဆုံနေစဉ် (ဓါတ်ပုံ-ကေတီ)

ထိုင်းနိုင်ငံနဲ့  မြန်မာနိုင်ငံဆိုင်ရာ UNHCR ကိုယ်စားလှယ်အဖွဲ့တို့က ထိုင်းနိုင်ငံ မယ့်ဟောင်ဆောင်ခရိုင်အတွင်း ကရင်နီဒုက္ခသည်အမှတ် ၁ စခန်းသို့ နိုဝင်ဘာလ ၁ ရက်နေ့က လာရောက်လေ့လာပြီး ဒုက္ခသည်ကိုယ်စား လှယ်တွေ နဲ့တွေ့ဆုံခဲ့ပါတယ်။

ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးအစီအစဉ်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ မြန်မာနိုင်ငံဆိုင်ရာ UNHCR ကိုယ်စားလှယ်ဖြစ်တဲ့ Mr.Hans Ten Feld က ကန္တာရဝတီတိုင်း(မ်)ကို အခုလိုပြောပါတယ်။

"ကျတော်တို့ UN အနေနဲ့ ပြောချင်တာက ပြီးပြည့်စုံတဲ့ ပြည်လည် အခြေချနေထိုင်ရေး ဆိုတာအချိန်ယူရတယ်။ ကျတော်တို့ အနေနဲ့လည်း မြန်မာနိုင်ငံကို ပြန်လည်နေထိုင်ချင်တဲ့ လူတွေအတွက်လည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကူညီဖို့အဆင်သင့်ပါပဲ။  ကူညီဖို့တော့ အဆင်သင့်ပါပဲ ဒါပေမယ့် ကျနော်တို့ သတိထားမိတာက တချို့သောအရာတွေ ဟာ ဖြစ်မလာသေးသလို၊ မြန်မာနိုင်ငံမှာ တချို့သော အပြောင်းအလဲတွေ လည်း ပြောင်းလဲဖို့ရှိနေသေးတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ မှာ အပြောင်း အလဲတော့ ရှိပါတယ်။ မျှော်လင့်ချက်ပေးတဲ့ ပြောင်းလဲမှုမျိုးပေါ့။ ဒီတော့ ဒီစခန်းကလူတွေအနေနဲ့ အချိန်တန်လာတဲ့ အခါကျရင် ကိုယ့်ရဲ့ဆန္ဒအလျောက် ကိုယ့်အိမ်ကို  ဘေးကင်းစွာနဲ့ သိက္ခာရှိရှိ၊ ငြိမ်းငြိမ်း ချမ်းချမ်း ပြန်နိုင်ကြ လိမ့်မယ်လို့ မျှော်လင့်လို့ရပါတယ်။"

ကရင်နီဒုက္ခသည်ပင်မကော်မီတီKnRC၊ စခန်းရပ်ကွက်မှူးများ၊ ကရင်နီလူငယ်အစည်းအရုံး KNYO ၊ ကရင်နီအမျိုး သမီးအစည်းအရုံးKnWO စတဲ့လူမှုအခြေပြုအသင်းအဖွဲ့များမှကိုယ်စားလှယ်တွေနဲ့တွေ့ဆုံစဉ်မှာ ယခုလက်ရှိမြန်မာနိုင်ငံ အတွင်းပြုပြင်ပြောင်းလဲမှုအခြေအနေအရ UNHCR အနေနဲ့  ဒုက္ခသည်အရေး နဲ့ပတ်သက်ပြီး ဘာတွေဆောက်ရွက်နေပြီလဲ ဆိုတဲ့အကြောင်းအရာတွေကိုရှင်းပြခဲ့ပါတယ်။

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအကြား ဖြစ်ပေါ်ပြောင်းလဲနေတဲ့ လက်ရှိနိုင်ငံရေးအခြေ အနေတွေနဲ့ပတ်သက်ပြီး ထို်င်းမြန်မာ နယ်စပ်ရှိ ဒုက္ခသည်များအားလုံးကို အကူအညီပေးနေတဲ့ Mr. Ian Hall, Senior field coordinator ကအခုလိုရှင်းပြပါတယ်။

"အပစ်ခတ်ရပ်စဲရေးဟာကောင်းတဲ့အရာ တခုဖြစ်ပေမယ့် ငြိမ်းချမ်းရေးတော့ မဟုတ်သေးဘူး။ ဒါပေမယ့် လူတွေက အခုမြန်မာနိုင်ငံမှာ အလျင်အမြန် ပြောင်း လဲဖြစ်ပေါ်နေတဲ့ အပြောင်းအလဲ အချို့တွေကြောင့် မိမိတို့အိမ်ကိုပြန်ဖို့ စိုင်းပြင်းနေတာ။ အကုန်လုံးက ပြောင်း လဲနေပြီလို့လဲ ဆိုလို့မရသေးဘူး။ တချို့သော အခြေအနေတွေက အလွန်ပဲ ဆိုးရွားနေသေးတယ်။ ဒါပေ မယ့် မြန်မာနိုင်ငံရဲ့ အရှေ့တောင်ဘက် ပိုင်းကို ကြည့်မယ် ဆိုရင်တော့ ကောင်း တဲ့ ခြေလှမ်းတွေ လို့ဆိုရမှာပါ။  အဲ့ဒါကြောင့် UN နဲ့ ထိုင်းအစိုးရလည်း ဒီပစ်ခတ်ရပ်စဲရေး ကိစ္စတွေနဲ့လည်း လုံးပန်း နေရတယ်။ ထပ်ပြောမယ်.... ဒါတွေက ငြိမ်းချမ်းရေး မဟုတ်သေးဘူး၊ ဒါပေမယ့် ကျနော်တို့မှာ အချိန်ရှိတယ်။ ဒီအချိန်ကို ယူပြီး မိမိတို့အိမ်ကို ပြန်ချင်တဲ့ လူတွေအတွက် ပြင်ဆင်မှုတွေ လုပ်ပေးလို့ရတယ်။"

ဒုက္ခသည်အရေးကူညီဆောင်ရွက်နိုင်ဖို့ ပြီးခဲ့တဲ့ မေလအတွင်းမှာပဲ ကယား(ကရင်နီ)ပြည်လွိုင်ကော် မြို့မှာ UNHCR ရုံးတခု ဖွင့်လှစ်ခဲ့တယ်လို့ဆိုပါတယ်။ ရုံးစိုက်နေစဉ်ကာလ မှစပြီး ယခုလက်ရှိအချိန်ထိ ဘာတွေလုပ်ဆောင်နေလဲဆိုတာနဲ့ပတ်သက်ပြီး Mr.Hans Ten Feldက ယခုလိုရှင်းပြပါတယ်။

" ဒီနေရာဒေသ တွေကို လည့်ပတ်ကြည့်ရှုတာတို့၊ ဒုက္ခသည်တွေပြန်လည် နေရာချထားရေးနဲ့ ဆက်နွှယ်တဲ့ လမ်းစရှာတာတို့၊ ပြန်လည်နေထိုင်မယ့် ဒုက္ခသည်၊ IDPs တွေရယ် ပြီးတော့ ပြန်လည်အခြေချနေထိုင်မှုကို လက်ခံမယ့် အသိုင်းအဝိုင်းတွေ အတွက်လည်း ကျတော်တို့အနေနဲ့ ဘယ်လိုကူညီမှုမျိုးကို ပေးနိုင်မလဲ စတာတွေအတွက်လမ်းစရှာတာတို့ကို တဖြည်းဖြည်းချင်း လုပ်ဆောင်နေပါတယ်။"

ကယား(ကရင်နီ)ပြည် ရှားတောမြို့နယ် လူဝင်မှု ကြီးကြပ်ရေးဌာနနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနရဲ့ စာရင်းများအရ နယ်စပ်ဒုက္ခသည် စခန်းကနေ ရှားတောမြို့နယ်အတွင်းသို့ ပြန်လည်အခြေချနေထိုင်သူ လူဦးရေ ၅၈ ယောက်ရှိပြီး အိမ်ထောင်စုအားဖြင့်၂၄ စုရှိပါတယ်။ သူတို့ဟာ ရှားတောမြို့နယ် ဒေါခရောအောရွာ၊ ဒေါစေးရွာနဲ့ ဒေါတမရွာတွေ မှာ နေထိုင်ကြပါတယ်။

၂၀၁၂ ခုနှစ် KnRC မှပြုစုထားတဲ့ ဒုက္ခသည်စာရင်းအရ ထိုင်းနိုင်ငံမယ့်ဟောင်ဆောင်ခရိုင်အတွင်းက အမှတ် ၁ စခန်းမှာ ဒုက္ခသည်ဦးရေ ၁၄,၉၀၀ ဦးရှိပြီး အမှတ် ၂ စခန်းမှာတော့ ဒုက္ခသည် ၃,၆၇၈ ဦး ရှိနေပါတယ်။

လက်ရှိမြန်မာနိုင်ငံအသွင်အကူးပြောင်းရေးကာလမှာ ပြည်ပရောက်နေတဲ့ ဒုက္ခသည်တွေ အနေနဲ့လည်း တတိယနိုင်ငံကို ထွက်ခွာလိုသူများရှိနေကြသလို မိမိတို့ နေရပ်ဒေသကိုလည်း ပြန်လည်အခြေချနေထိုင်လိုတဲ့ သူတွေလည်းရှိနေပါတယ်။ အဲ့ဒီထဲမှာလည်း မိမိကိုယ်၌ တတိယနိုင်ငံသို့သွားမလား၊ ဌာနေရင်းကို သာပြန်မလား ဆိုပြီး ဝေခွဲမရတဲ့ သူတွေလည်းရှိနေတယ်လို့သိရှိရပါတယ်။