မြန်မာ-အိန္ဒိယ နယ်စပ် ဖမ်းရ မူးယစ်ဆေး ဖလှယ်ကြ

မြန်မာ-အိန္ဒိယ နယ်စပ် ဖမ်းရ မူးယစ်ဆေး ဖလှယ်ကြ
by -
မဇ္ဈိမ

နှစ်နိုင်ငံ နယ်စပ်ဒေသတွင် သုံးလအတွင်း ဖမ်းဆီးရမိထားသည့် တရားမဝင် မူးယစ်ဆေးဝါးများကို အိန္ဒိယနှင့် မြန်မာတို့ အောက်တိုဘာလ ၉ ရက်နေ့က ဖလှယ်ခဲ့ကြသည်။

မဏိပူရပြည်နယ်၊ မိုးရေးမြို့တွင် ပြုလုပ်သည့် နှစ်နိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သုံးလပတ် အစည်းအဝေး အတွင်း ဖလှယ်ခဲ့ကြကြောင်း Imphal Free Press တွင် ရေးသားထားသည်။

မြန်မာနိုင်ငံ တမူးမြို့အခြေစိုက် မူးယစ်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့မှ သုံးလအတွင်း ဖမ်းဆီးရမိထားသော အဖက်ဒရင်း ၂.၃ ကီလို၊ ဘိန်း ၄.၅ ကီလို၊ အဖက်ဒရင်းဆေးပြား ၂ဝ၃,၃၉ဝ ပြား နှင့် ဘိန်းဖြူ  ၄.၇ ဂရမ်ကို အိန္ဒိယ ကိုယ်စားလှယ် အဖွဲ့ထံ လွှဲပြောင်းပေးအပ်နိုင်ခဲ့သည်။

အိန္ဒိယနိုင်ငံဘက်ကလည်း အင်ဖားမြို့အခြေစိုက် မူးယစ်ထိန်းချုပ်ရေးဗျူရို၊ မိုးရေးခြေစိုက် ကာစတန်တပ်နှင့် အမှတ် ၉ အာသံရိုင်ဖယ်တို့မှ ထိုကာလအတွင်း သိမ်းဆည်းရမိထားသည့် ဒဘလျူဝိုင် ဆေးပြား ၃,၄၃၄ ပြား၊ ဆူဒိုဖက်ဒရင်း
ဆေးပြား ၂,ဝ၄၂,၅၇ဝ ပြားနှင့် အဖက်ဒရင်း ပုံဆောင်ခဲဖြူဟု ယူဆရသည့် အမှုန့် ၃,၉ဝဝ ဂရမ်တို့ကို မြန်မာကိုယ်စား လှယ်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ အထူးရဲတပ်ဖွဲ့မှ ဒုဗိုလ်မှူးကြီး လှဝင်း ဦးဆောင်သည့် ကိုယ်စားလှယ် ၆ ဦး တက်ရောက် ပြီး အိန္ဒိယဘက်မှ အင်ဖားမြို့အခြေစိုက် မူးယစ်ထိန်းချုပ်ရေးဗျူရို၊ မိုးရေးခြေစိုက် ကာစတန်တပ်နှင့် အမှတ် ၉ အာသံရိုင်ဖယ်တို့မှ တာဝန်ရှိသူများ ပါဝင်သည်။

နောက်တကြိမ် သုံးလပတ် အစည်းအဝေးကို ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ရ ရက်နေ့တွင် ထပ်မံတွေ့ဆုံရန် ရက်သတ်ခဲ့ ကြပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်၍ ထောက်လှမ်းရေး သတင်းဖလှယ်ခြင်း၊ မူးယစ်ကုန်ကူးမှုအား ထိရောက်သည့် ကာကွယ်နည်းများနှင့် ထိရောက်သည့် နောက်ဆက်တွဲ လုပ်ဆောင် မှုများကို နှစ်နိုင်ငံ အခြေခံ ကွင်းဆင်း အရာရှိများအဆင့် ဆွေးနွးခဲ့ကြသည်။