အုန်းဖျန်စခန်း ဒုက္ခသည်များ ရာသီဥတု ဆိုးရွားမှုဒဏ် ခံစားနေရ

အုန်းဖျန်စခန်း ဒုက္ခသည်များ ရာသီဥတု ဆိုးရွားမှုဒဏ် ခံစားနေရ
by -
ကေအိုင်စီ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန်းဒုက္ခသည်စခန်းတွင် အောက်တိုဘာလ ၈ ရက်နေ့မှ စတင်ကာ မိုးများ အဆက် မပြတ် ရွာသွန်း၍ လေပြင်းများ တိုက်ခတ်သည့်အပြင် မြူခိုးများ ထူထပ်စွာ ကျရောက်သဖြင့် ဒုက္ခသည်များ  ရာသီဥတုဒဏ် ဆိုးရွားစွာ ခံစားနေရသည်။

DSC02866
အုန်းဖျန်စခန်း ဥက္ကဌ စောထီးဝါးက “မိုးကလည်း အဆက်မပြတ်ကို ရွာတာ နေ့ရော ညရောပဲ။ မနက်ပိုင်းဆိုရင်လည်း မြူတွေ ထူထပ်စွာ ကျဆင်းတယ်။ လေပြင်းကလည်း တိုက်သေးတယ်။ ညဘက် ဆိုရင် အေးလွန်းလို့ ကောင်းကောင်း အိပ်လို့ မရဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

မိုးရွာသွန်းပြီး လေပြင်းများ အဆက်မပြတ် တိုက်ခတ်ခဲ့သည့်အပေါ် အုန်းဖျန်စခန်းတွင် အောက်တိုဘာ ၈ ရက်နှင့် ၉ ရက်နေ့ အထိ စာသင်ကျောင်းများ အားလုံးပိတ်ထားရသကဲ့သို့ မြေပြိုမှုအချို့လည်း ရှိသည်ဟု စခန်းဥက္ကဌက ဆက်ပြောသည်။

အုန်းဖျန်စခန်း ဒုက္ခသည်တစ်ဦးက “မိုးက ဒီမှာ သည်းသည်းထန်ထန်ရွာတာ သုံးရက်ရှိပြီ။ တစ်နေကုန် ရွာတယ်။ နောက် မြေပြို တာတွေလည်းရှိတော့ စခန်းကော်မတီက တာဝန်ရှိသူတွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေ တိုင်ပင်ပြီး ကျောင်းကို နှစ်ရက် ပိတ် ထားရတယ်။ ဒီနေ့တော့ ကျောင်းပြန်တက်ပြီ” ဟု ပြောသည်။

မြေပြိုမှုကြောင့် စခန်းအတွင်း နေအိမ် ၃ လုံး ပျက်စီးခဲ့ပြီး အမှတ် (၃) အလယ်တန်း ကျောင်းတစ်ကျောင်း အနည်းငယ် ပျက်စီးခဲ့သော်လည်း ဒုက္ခသည်များ တစုံတရာ ထိခိုက်ဒဏ်ရာရမှု မရှိပေ။

လောလောဆယ်တွင် ကျန်းမာရေးပြဿနာများ တစုံတရာ ဖြစ်ပေါ်ခြင်းမရှိသေးသော်လည်း မိုးများ အဆက်မပြတ် ရွာသွန်းလာပါက ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာမည်ကို ဒုက္ခသည်များက စိုးရိမ်နေကြသည်။

၁၉၉၉ ခုနှစ်မှ စတင်တည်ထောင်ခဲ့သည့် အုန်းဖျန်ဒုက္ခသည်စခန်းသည် ချမ်းအေးလွန်းသည့် ရာသီဥတု ဆိုးရွားမှုဒဏ်ကို နှစ် စဉ် ကြံုတွေ့ခဲ့သော်လည်း ယခင်နှစ်များထက် ယခုနှစ် မိုးရွာသွန်းမှု အဆိုးရွားဆုံး ဖြစ်ကြောင်း စခန်းတွင်း နေထိုင်သူများက ပြော ဆိုကြသည်။

Most read this week