NCA-S EAOs ၁၀ ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး မကြာမီကျင်းပမည်

NCA-S EAOs ၁၀ ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး မကြာမီကျင်းပမည်
မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးဌာနတာဝန်ခံ နိုင်အောင်မငေး (အံင်မငေး Facebook)
မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးဌာနတာဝန်ခံ နိုင်အောင်မငေး (အံင်မငေး Facebook)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် NCA-S EAO ၁၀ ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ထိုင်းနိုင်ငံ၌ လာမည့် မေလ ၁၄ ရက်နေ့မှစတင်၍ ၅ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးဌာနတာဝန်ခံ နိုင်အောင်မငေးက ဆိုသည်။

“ကျနော်တို့က NCA လက်မှတ်ရေးထိုးပြီးတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် NCA လမ်းကြောင်းပေါ်ကနေ ဆက်လျှောက်သွားမယ်၊ မိမိတစ်ဖွဲ့တည်းငြိမ်းချမ်းရေးရယုံမျှနဲ့ ပြီးဆုံးသွားမှာမဟုတ်ပါဘူး၊ ဘဝတူ NCA လက်မှတ်ရေးထိုးထားတဲ့ ၉ ဖွဲ့နဲ့အတူတကွ လက်တွဲဆောင်ရွက်သွားမယ်၊ ဒါကြောင့် လာမယ့်ထိပ်သီးအစည်းအဝေးပွဲမှာဆိုရင် ရှေ့လုပ်ငန်းစဉ်တွေ ဘယ်လိုအကောင်အထည်ဖော် ချမှတ်သွားမလဲဆိုတာ ဆွေးနွေးဆုံးဖြတ်ကြမယ်” ဟု နိုင်အောင်မငေးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

NCA အကောင်အထည်ဖော်ဆောင်မှုအပေါ် မိမိတို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နားလည်လက်ခံသကဲ့သို့ အစိုးရနှင့် တပ်မတော်တို့ အတူတူ နားလည်သဘောပေါက်ရန်လိုအပ်ကြောင်း၊ အစိုးရနှင့် တပ်မတော်နားလည်သကဲ့သို့ မိမိတို့လက်မခံနိုင်သလို မိမိတို့နားလည်သကဲ့သို့  အစိုးရနှင့် တပ်မတော်တို့ လက်မခံနိုင်၊ တဖက်နှင့်တဖက် NCA အပေါ် နားလည်လက်ခံမှု မတူညီပါက ငြိမ်းချမ်းရေးရှေ့အနာဂတ်ခရီး ဆက်လက်လျှောက်လှမ်းသွားရန် လွယ်ကူလိမ့်မည်မဟုတ်ကြောင်း နိုင်အောင်မငေးက ယူဆသည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ‘‘ငြိမ်းချမ်းရေးကို အပစ်အခတ်ရပ်စဲရုံနဲ့ မဖြစ်နိုင်သလို ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ပြီး ငြိမ်းချမ်းစွာပြဿနာ ဖြေရှင်းလိုတဲ့ အရည်အချင်း၊ လုပ်နိုင်စွမ်းအား၊ သံဓိဋ္ဌာန်အမြော်အမြင်ရှိရှိနဲ့ ကျွန်တော်တို့အားလုံး ကြိုးစားကြရမှာ ဖြစ်ပါတယ်’’ဟု ဆိုသည်။

NCA အကောင်အထည်ဖော်ဆောင်မှုတွင် တဖက်နှင့်တဖက် နားလည်မှုကွဲလွဲသည်မှာ သုံးနှစ်ကျော် ရောက်ရှိခဲ့ပြီး ကွဲပြားမှုများကို ပြန်မပြင်၍မရတော့သည့် အခြေအနေကြောင့် KNU က အလွတ်သဘော တွေ့ဆုံပွဲများမှတစ်ဆင့် လမ်းကြောင်းပြန်လည်တည့်မတ်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ပဒိုစောတာဒိုမူးက ဆက်ပြောသည်။

လက်ရှိတွင် KNU အနေဖြင့် အစိုးရနှင့် တရားဝင်နိုင်ငံရေးဆွေးနွေးပွဲများကို ရပ်နားထားသလို RCSS ကလည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC တွင် ပါဝင်မှုယာယီရပ်ဆိုင်းထားသဖြင့် နိုင်ငံရေးဆွေးနွေးပွဲများ ရပ်တန့်လျက်ရှိသည်။

NCA လက်မှတ်ထိုးပြီးသော တိုင်းရင်းသား ၁၀ ဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU, သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS, ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA, ကရင်ငြိမ်းချမ်းရေးကောင်စီ KNU-KNLA/PC, ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ALP, ချင်းအမျိုးသားတပ်ဦး CNF, ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO, မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများဒီမိုကရက်တစ်တပ်ဦး ABSDF, မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ပါဝင်ကြောင်း တွေ့ရှိရသည်။

August 14, 2026
The Myanmar military junta continues to arrest and prosecute individuals who leave supportive...
August 11, 2026
Rice farmers in Myanmar’s southern Mon State are bracing for a sharp drop in this year's monsoon...
August 8, 2026
A massive military operation aimed at reviving a stalled economic zone in southern Myanmar has...
August 7, 2026
The Karen National Union (KNU) has accused Myanmar’s military junta and affiliated ethnic border...