တော်လှန်ရဲဘော်များအတွက် အရာဝတ္ထုများနှင့် ဖန်တီးထားသော 3D တည်ဆောက်မှု အနုပညာပြပွဲ ကျင်းပ

တော်လှန်ရဲဘော်များအတွက် အရာဝတ္ထုများနှင့် ဖန်တီးထားသော 3D တည်ဆောက်မှု အနုပညာပြပွဲ ကျင်းပ

ကယား (ကရင်နီ) ပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တောတွင်းတစ်နေရာတွင် တော်လှန်ရေးရဲဘော်များ စိတ်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုအတွက် ရည်ရွယ်ပြီး ကရင်မဟာမိတ် တော်လှန်ရေးအင်အားစု ရဲဘော်များက တော်လှန်ရေး အနု ပညာပြပွဲ ပြုလုပ်ခဲ့ကြသည်။

ပြပွဲတွင် Post Modernism Extreme Art မှ ရဲဘော် ၃ ဦး၏ သီးသန့် လက်ရာများသာ ပြသခဲ့ပြီး ပန်းချီ၊ ကဗျာ၊ တော်လှန်ကဗျာ၊ အရာဝတ္ထုများနှင့် 3D ပန်းချီ - Installation Art များ ပါဝင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ပြပွဲကို ခေတ်ရေစီးကြောင်း တော်လှန်ရေး လှုပ်ရှားမှု အနုပညာရှင် (Post Modernism Extreme Art)မှ ရဲဘော် ၃ ဦးက ဇွန်လ ၁၁ ရက်နေ့၊ နံနက်ပိုင်းတွင် စီစဉ်ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ပွဲစီစဉ်သူများက ပြောသည်။

ပွဲစီစဉ်သူ တစ်ဦးက “အဓိကတော့ ရဲဘော်တွေ ပင်ပန်းတယ်ပေါ့နော်။ ပင်ပန်းတဲ့ အခါကျတော့ သူတို့ရဲ့စိတ်တွေ Relax(စိတ်ပြေလျော့) ဖြစ်အောင်ပေါ့နော်။ ရဲဘော်တွေရဲ့ စိတ်ထဲမှာလည်း ဒီလို အနုပညာလေးတွေ ခံစားလို့ ရအောင်ပေါ့နော်။ ဒီမှာက ပွဲဘာညာလည်း မရှိဘူးလေနော်။ တချို့တွေ ဆိုရင်လည်း ပန်းချီဆွဲတာ တော်တဲ့ လူ တွေ ပါတယ်။ ကဗျာရွတ်တာ တော်တဲ့လူတွေလည်း ပါတယ်။ ဆိုတော့ ဒီလိုမျိုးလေးတွေ လုပ်ရင် သူတို့ စိတ် တွေလည်း Relax ဖြစ်တယ်ပေါ့။ ပြီးတော့ ဒီလိုမျိုးလေးတွေ လုပ်လို့ရတယ်ဆိုတာလည်း သူတို့ သိအောင်လို့ ပေါ့။ ရောင်းဖို့တွေ ဘာညာတွေကတော့ နောက်ပိုင်းမှ အခြေအနေအရပေါ့နော်” ဟု ပြောသည်။

ပြပွဲတွင်ပါဝင်သည့် Installation Art များမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သည့် နေအိမ် အပိုင်းအစများနှင့် လက်နက်ကြီးကြောင့် ကျဆုံးခဲ့ရသည့် ရဲဘော်များ၏ အဝတ်အထည်၊ အသုံးအဆောင် ပစ္စည်းများတို့ဖြင့် ဖန်တီးထားသည်ဟု ဆိုသည်။

“အခက်အခဲက ဘာရှိလဲဆိုတော့ မိုးရွာတဲ့အခါကျတော့ ပန်းချီတွေဘာတွေ မိုးစိုမှာစိုးလို့ အမိုး၊ အကာ အုပ်ရ တာတွေ ရှိတယ်ပေါ့နော်။ မိုးလေး နည်းနည်းစဲတော့မှ ပြန်ဖွင့်ပေါ့နော်။ ဖွင့်ပြီးတော့မှ အနုပညာ ခံစားတဲ့ လူတွေ လာကြည့်ပေါ့နော်။ ကျန်တာတွေကတော့ တော်တွင်း အခက်အခဲပေါ့နော်။ အခက်အခဲ သီးသန့်ရယ်လို့ တော့ မရှိဘူး။ တောထဲမှာ ဆိုတော့ မြို့ပေါ်လို အရမ်းတော့ အဆင်ပြေမနေဘူးပေါ့နော်။ အဆင်ပြေအောင် ဖန်တီးပြီး လုပ်လိုက်တာပေါ့” ဟု ပွဲစီစဉ်သူတစ်ဦးက ဆက်ပြောသည်။

ပြပွဲ လုံခြုံရေးအတွက် အရပ်သားများနှင့် စစ်ဘေးရှောင်များကိုပင် ဖိတ်ကြားခြင်း မရှိဘဲ မဟာမိတ်ရဲဘော် အယောက် ၁၀၀ ဝန်းကျင်ဖြင့်သာ ကျင်းပခဲ့ကြသည်ဟု ဆိုသည်။

ပြပွဲအချိန်ကို ၂ နာရီကျော်ကြာ ကျင်းပခဲ့ပြီးနောက် တက်ရောက်သည့် ရဲဘော်များကို ပန်းချီကားနှင့် ဦးထုပ် မဲဖောက်ပေး၍ ပိတ်သိမ်းခဲ့သည်ဟု ဆိုသည်။

ကရင်နီပြည်နယ်တွင် တော်လှန်ရေး အနုပညာပြပွဲ ကျင်းပသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ပြီး နောက်လများတွင်လည်း အလျဉ်းသင့်သလို ထပ်မံကျင်းပသွားမည်ဟု Post Modernism Extreme Art မှ ရဲဘော် တစ်ဦးက ပြောသည်။

Most read this week

ဓါတ်ပုံ - Crd
September 12, 2026
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ် (တံတားဦး) ကို တော်လှန်ရေး...
September 12, 2026
မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြိတ်ခရိုင်...
September 11, 2026
မန္တလေးမြို့၊ တံတားဦး လေတပ်စခန်းအတွင်း ရပ်နားထားသည့် စစ်အုပ်စု၏ တိုက်လေယာဉ်များကို တော်...
September 11, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့တွင် "သင်္ဂဟမိတ္တ" နာရေးကူညီမှုအသင်းပိုင်...