နေပြည်တော်တွင် လုံခြုံရေးစခန်းများ ပစ်ခတ်တိုက်ခိုက်ခံရမှု ပိုမိုများပြား

နေပြည်တော်တွင် လုံခြုံရေးစခန်းများ ပစ်ခတ်တိုက်ခိုက်ခံရမှု ပိုမိုများပြား
လယ်ဝေးရဲစခန်း (လူမှုကွန်ယက်)
လယ်ဝေးရဲစခန်း (လူမှုကွန်ယက်)

မေလကုန်းပိုင်းမှစတင်၍ ဇွန် လလယ်ပိုင်းအထိ စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော် လုံခြုံရေး စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ပိုမို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာနေကြောင်း စုံစမ်းသိရှိရသည်။

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရဲစခန်းကို လက်ပစ်ဗုံးဖြင့် ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီကျော် ခန့်က ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

လယ်ဝေး ရဲစခန်းဗုံးပစ်ခံရမှုတွင် ရဲတပ်သား ဒီသုခသေဆုံးခဲ့ပြီး ရဲအုပ်ပြုံးချို၊ ရဲတပ်ကြပ်ကျော်သူ အပါအဝင် ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

ထို့အပြင် ဇွန်လ ၁၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်ကလည်း ဇဗ္ဗူသီရိ မြို့နယ်ထဲက အပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်း စင်တာ ၂ (MICC – 2) အနီးက လုံခြုံရေး ဂိတ် ဗုံးပစ်ခံရမှု ဖြစ်ပွားခဲ့သေးသည်။

ဇွန်လ ၁၂ ရက်နေ့ကလည်း နေပြည်တော်၊ ပျဉ်းမနား၊ မြွေဟောက်မြှောင် စစ်တပ်စခန်းကို PDF ပူးပေါင်း အဖွဲ့ များက ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များဘက်မှ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ဒီရက်ပိုင်း လုံခြုံရေးကြပ်တဲ့ ကြားက ပိုလုပ်လာတာတွေ့ရတယ်။ ခင်ဗျားတို့လဲ ကြားမှာပေါ့၊ လယ်ဝေး တို့ ဇဗ္ဗူတို့ဘက်တွေ ဖြုတ်နေတာလေ” ဟု လယ်ဝေးမြို့က ဒေသခံ တစ်ဦးက ပြောသည်။

ထိုကဲ့သို့  လယ်ဝေး ရဲစခန်းတိုက်ခိုက်ခံရမှုကို စစ်ကောင်စီဘက်ကလည်း အတည်ပြုပြီး လာရောက် ပစ်ခတ် သူများကို CCTV မှတ်တမ်းပုံများဖြင့် စစ်ဆေးရှာဖွေမှုများပြုလုပ်ခဲ့ပြီးနောက်  ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း စကစ လုံခြုံရေးတပ်ဖွဲ့ဝင တချို့ထံက သိရှိရသည်။

အမည်မဖော်လိုသူ စကစ တပ်ဖွဲ့ဝင် တစ်ဦးက “CCTV မှတ်တမ်းကို စစ်ဆေးပြီး လိုက်ရှာတာပေါ့ဗျာ။ မှတ်တမ်းထဲက လူ ပုံစံ အသုံးပြုတဲ့ ဆိုင်ကယ်တွေ ရတဲ့ ပျဉ်းမနား ကင်ပွန်းတန်းဈေးနားမှာ ဖမ်းမိတာပေါ့။ လောလောဆယ်တော့ ၃ ဦးမိထားတယ်” ဟု ပြောသည်။

နေပြည်တော်အတွင်း လုံခြုံရေးတိုးမြှင့်ထားပြီး လမ်းဆုံလမ်းခွများ၊ မီးပွိုင့်များနှင့် ရပ်ကွက်များအတွင် CCTV မှတ်တမ်းစက်များ အပြည့် တပ်ဆင်ထားသော်လည်း ယခုတိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...