ဖလမ်း - ဟားခါးလမ်းတိုက်ပွဲ ဆက်ပြင်းထန်နေ၊ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးဟုဆို

ဖလမ်း - ဟားခါးလမ်းတိုက်ပွဲ ဆက်ပြင်းထန်နေ၊ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးဟုဆို

ချင်းပြည်နယ် ၊ ဖလမ်းမြို့မှ ဟားခါးမြို့သို့ ရိက္ခာနှင့်စစ်အင်အား ဖြည့်တင်းနေသည့် စစ်ကောင်စီ စစ်ကြောင်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက နေ့စဉ်တိုက်ခိုက်လျက်ရှိရာ ယမန်နေ့ ဧပြီလ ၅ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း ချင်းအမျိုးသား တပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ထက်နီက မဇ္စျိမကို ပြောသည်။

ယမန်နေ့က ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာအနီးတွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အကျအဆုံးများခဲ့ပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ရဲဘော်နှစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲကတော့ တိုက်မိုင်း၊ ဒရုန်းနဲ့ ဗုံးချတာနဲ့ စနိုက်ပါနဲ့ပစ်တာ။ချောင်းမြောင်းပစ်ခတ်တာ ပုံစံမျိုးစုံနဲ့ တိုက်ခိုက်နေတာ” ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းသည် အရှေ့နှင့်အနောက်လုံခြုံရေးယူထားပြီး လမ်းဘေး ဝဲ၊ယာတွင်လည်း တပ်ဖြန့်ထားသဖြင့် နေရာမျိုးစုံတွင် ပုံသဏ္ဍာန်မျိုးစုံဖြင့် တိုက်ခိုက်နေကြောင်း၊ယမန်နေ့က တိုက်ပွဲတွင် တိုက်မိုင်းထိ၍ စစ်ကောင်စီတပ်သား နှစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒရုန်းဖြင့် ဗုံးချခြင်းနှင့် စနိုက်ဘာဖြင့်ပစ်ခတ်မှုများတွင်လည်း အသေအပျောက်များခဲ့ကြောင်း ၎င်းက ပြောသည်။ထိခိုက်သေဆုံးမှုကို အတိအကျ မသိနိုင်သော်လည်း ယမန့်နေ့တိုက်ပွဲတွင် ၁၀ဦးထက်မနည်း သေဆုံးနိုင်သည်ဟု ဆိုသည်။

ထို့အပြင် ဒရုန်းနှင့် အကြိမ် ၂၀ကျော် ဗုံးချတိုက်ခိုက်ရာ ကုန်တင်ကားခုနစ်စီး ပျက်စီးသွားကြောင်းသိရပြီး ၎င်းကားများကို ယနေ့ ဧပြီလ ၆ရက်တွင် ရမ်ထလိုကျေးရွာ၌ ပြုပြင်နေကြောင်း မြေပြင်အခြေအနေကို ဆလိုင်းထက်နီက ပြောသည်။

အထိနာနေသော စစ်ကောင်စီတပ်ဖွဲ့သည့် ထရမ်လို ကျေးရွာအား မီးရှို့နေကြောင်း သိရှိရပြီး ပျက်စီးဆုံးရှုံးမှုကို မသိရသေးပေ။

ဖလမ်းမြို့နှင့် ဟားခါးမြို့ ချိတ်ဆက်ထားသော လမ်းသည် ၄၁မိုင်ကျော်သာ ရှည်လျားသော်လည်း ချင်းကာကွယ်ရေးတပ်များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ခရီးမတွင်ဘဲရှိနေသည်။ မတ်လ ၂၁ရက်နေ့က ဖလမ်းမြို့မှ စတင်ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်းသည် ယနေ့ ဧပြီလ ၆ရက်အထိ ဟားခါးမြို့သို့ မရောက်ရှိသေးပေ ။

အဆိုပါစစ်ကောင်စီယာဉ်တန်းတွင် တင့်ကားနှစ်စီး ၊ ကုန်တင်ယာဉ် ၃၀စီး ၊ မြေကော်စက် တစ်စီး၊ စစ်သား အင်အား ၂၀၀ခန့်ပါဝင်ပြီး ထိခိုက်အကျအဆုံးများလျက်ရှိသော်လည်း ရှေ့သို့ တဖြည်းဖြည်းတိုးလာနေကြောင်း သိရသည်။

ယင်းတိုက်ပွဲများကို CNA နှင့်အတူ ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် CNDF ၊ CDF – Hakha ၊ CDF – Thantlang တို့ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

စာတည်း ။ ။ မောင်ကြီး

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...