မိုးကောင်းမြို့က လူငယ်တစ်ဦး၏ Facebook ပရိုဖိုင်တွင် PDF ဝတ်စုံဖြင့် ပုံတင်ထားခြင်းကြောင့် စစ်ကောင်စီမှ ဖမ်းဆီးသတ်ဖြတ်

မိုးကောင်းမြို့က လူငယ်တစ်ဦး၏ Facebook ပရိုဖိုင်တွင် PDF ဝတ်စုံဖြင့် ပုံတင်ထားခြင်းကြောင့် စစ်ကောင်စီမှ ဖမ်းဆီးသတ်ဖြတ်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့က လူငယ်တစ်ဦးရဲ့ လူမှုကွန်ရက်(Facebook) ပရိုဖိုင်မှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ဝတ်စုံနဲ့ ပုံတင်ထားလို့ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့ အသက် ၂၁ နှစ်အရွယ် ကိုဝင်းမင်းထွေး (ခ) အားတီတီဟာ နန်းခွင်ကျေးရွာ အရှေ့ပိုင်း မှာနေထိုင်တယ်လို့သိရပြီး ကျွန်းလှမြို့ဘက်ကနေ မိုးကောင်းမြို့ကိုပြန်လာချိန် လမ်းမှာဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“သူက ကျွန်းလှနယ်ဘက်ကနေ ပြန်လာတာပေါ့။ လမ်းကပျူစောထီးဂိတ်ပေါ့ ။အဲဒီမှာစစ်တော့ သူ့ရဲ့ဖုန်းပရိုဖိုင်မှာ PDF ပုံနဲ့တင်ထားတာပေါ့။ အဲဒါသွားတွေ့ပြီးတော့ သူ့ကိုအဲ့ဒီမှာ ဖမ်းသွားတယ်။ ဖမ်းခေါ်သွားပြီးတော့ သတ်ပစ်လိုက်တယ်လို့ ပြောတာ။” လို့ နီးစပ်သူက ဆိုပါတယ်။

ကိုဝင်းမင်းထွေးဟာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ချပ်သင်းရွာနဲ့ ကိုးထောင်ဘို့ရွာ ကြားက ပျူစောထီးဂိတ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဧပြီလ ၅ ရက်နေ့ မနက်ပိုင်းမှာ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

ကိုဝင်းမင်းထွေးကို သတ်ဖြတ်လိုက်ပြီဆိုတဲ့ အကြောင်းကို စစ်ကောင်စီ ခမရ ၅၂၁ ပင်းဘောအခြေစိုက်တပ်ကနေ မိသားစုထံ အကြောင်းကြားခဲ့ပြီး ရုပ်အလောင်းကို ပြန်မပေးဘူးလို့လည်း ဆိုပါတယ်။

“သတ်လိုက်တယ်ဆိုတဲ့အကြောင်း မိသားစုကို အမှတ် ၅၂၁ စစ်တပ်ကနေပြီးတော့ လာပြောတယ်တဲ့။ (အလောင်းကိုတော့) ပြန်မပေးဘူးလို့ပြောတယ်။ အကြောင်းပဲကြားတာ။” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ကိုဝင်းမင်းထွေးရဲ့ ဖုန်းကနေလည်း မိသားစုဆီ ဆက်သွယ်ပြီး ငွေညှစ်ငွေတောင်းတာတွေ ရှိနေတယ်လို့လည်း မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။

ကို၀င်းမင်းထွေး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေး၀န်ကြီးဌာနကလည်း ဧပြီလ ၅ ရက်နေ့ ရက်စွဲနဲ့ သတင်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးနောက် မန္တလေး - မြစ်ကြီးနား ကားလမ်း လမ်းတစ်လျှောက်မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ဆေးရေးဂိတ်တွေတိုးချဲ့တည်ဆောက်လာပြီး အဲဒီဂိတ်မှာထိုင်တဲ့ စစ်ကောင်စီ နဲ့ လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်တွေကနေ ခရီးသွားပြည်သူတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးတာတွေ ပြုလုပ်သလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်တာတွေ တွေ့ရှိရင် အဲဒီနေရာကနေပဲ ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်တဲ့အထိပါ ပြုလုပ်လာတာ ဖြစ်ပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...