မတူပီ-ပလက်ဝလမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ရသဖြင့် စစ်ကောင်စီတပ်သား ၁၃ ဦး သေဆုံး

မတူပီ-ပလက်ဝလမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ရသဖြင့် စစ်ကောင်စီတပ်သား ၁၃ ဦး သေဆုံး

ချင်းပြည်နယ်၊ မတူပီ-ပလက်ဝလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက် မှုသုံးကြိမ်ပြုလုပ်ခဲ့ရာ ၁၃ ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိသွားကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi က ယနေ့ မတ်လ ၂၆ ရက်တွင် ထုတ်ပြန်သည်။

မတ်လ ၂၄ ရက်နေ့က မတူပီ-ပလက်ဝလမ်း မိုင်တိုင် (၁၄)နှင့် (၁၅) အကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးပြီး တိုက်ခိုက်မှုသုံးကြိမ်ပြုလုပ်ခဲ့ရာ ခြောက်ဦးသေဆုံး၍ ခုနစ်ဦး ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။

ဒရုန်းဖြင့်ရိုက်ကူးထားသည့် အဆိုပါတိုက်ပွဲမှတ်တမ်းရုပ်သံ၌ စစ်ကောင်စီတပ်သားများ မြေပြင်ပေါ်တွင် လဲကျသေဆုံးနေသည်ကို တွေ့မြင်ရသည်။

“မတူပီ(၄)မိုင်ကနေ(၁၆)မိုင်အထိက တကယ်ပစ်ကွင်းကောင်းတဲ့နေရာပေါ့၊ လုံးဝ ကျည်ကွယ်မျက်ကွယ် ရှိတဲ့နေရာတွေ၊ စကစ(စစ်ကောင်စီတပ်ဖွဲ့)တွေအတွက်ကတော့ နေရာယူရမယ့် နေရာမရှိဘူး။ အဲဒါ ကြောင့် အထိနာအောင်လုပ်နိုင်တာ၊ မိုင်းဆွဲတိုက်ခိုက်တာကလည်း စစ်ကောင်စီတပ်သား အသေ အပျောက်များခဲ့တယ်” ဟု CDF – Matupi ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက မဇ္စျိမကိုပြောသည်။

ယခင်က စစ်ကောင်စီတပ်ဖွဲ့များသည် ယခုလမ်းကိုရှောင်၍ တောလမ်း၊ ဖြတ်လမ်းများမှသွားခဲ့ပြီး ယခု ကားဖြင့်သွားလာနေသဖြင့် ပစ်ကွင်းကောင်းနေသည့် လမ်းကိုရှောင်လွှဲမရဘဲ သွားလာနေရကြောင်းဆို သည်။

ယင်းတိုက်ပွဲကို CDF – Matupi နှင့်အတူ ချင်းအမျိုးသားတပ်မတော် CNA က ပူးပေါင်းတိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဖက်မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် မတ်လ ၂၀ ရက်နေ့တွင် မတူပီအခြေစိုက် ခလရ (၃၀၄) မှ မတူပီ-ပလက်ဝလမ်းပေါ်ရှိ ထယ်ဘွေ့စခန်းသို့ တပ်အင်အားနှင့်စားနပ်ရိက္ခာဖြည့်ရန် ကားသုံးစီး၊အင်အား ၈၀ ဖြင့် ထွက်ခွာလာခြင်း ဖြစ်သည်။

ယနေ့ မတ်လ ၂၆ ရက်တွင် ယင်းစစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် (၁၈)မိုင် (ဝလံပီးကျေးရွာ)တွင် ရောက်ရှိနေပြီး ထယ်ဘွေ့စခန်းသည် မိုင်တိုင် (၃၂)တွင် တည်ရှိရာ လမ်းတဝက်သာ ရောက်ရှိနေသေး ကြောင်း သိရသည်။

မတူပီ - ပလက်ဝလမ်း မိုင်တိုင် (၁၆) ဝါပုန်းလမ်းခွဲအနီးအနားတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့က နင်းမိုင်းများစွာထောင်ထားသဖြင့် အတတ်နိုင်ဆုံး မိုင်းရှင်းလင်းရေးပြုလုပ်ပြီးမှသာ သွားလာကြပါရန်နှင့် ထုတ်ပြန်ချက်များကို အထူးအလေးထားကြပါရန် CDF – Matupi က သတိပေးထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...