ဝဝမ်ကွမ်ဘန်ကျေးရွာအနီး စစ်ကောင်စီမှ တပ်စွဲနေထိုင်ခြင်းကြောင့် ဒေသခံများ တောင်ယာခုတ်ယူနိုင်ခြင်းမရှိ

ဝဝမ်ကွမ်ဘန်ကျေးရွာအနီး စစ်ကောင်စီမှ တပ်စွဲနေထိုင်ခြင်းကြောင့် ဒေသခံများ တောင်ယာခုတ်ယူနိုင်ခြင်းမရှိ

တိုက်ပွဲဖြစ်ပွားကတည်းက လက်ရှိအချိန်ထိ ကျေးရွာအနီးမှာ စစ်ကောင်စီကတပ်ထိုင်နေတဲ့အပြင် နေရပ်လည်း မပြန်နိုင်သေးတာကြောင့် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဝဝမ်ကွမ်ဘန်ကျေးရွာဒေသခံတွေ တောင်ယာမခုတ်နိုင်တော့ဘူးလို့ သိရပါတယ်။

ကျေးရွာအထက်နဲ့အောက် ၂ နေရာမှာ စစ်ကောင်စီက တပ်စွဲထားပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေ ရှိနေသေးတာကြောင့် တောင်ယာခုတ်ချိန်ရောက်လာပေမဲ့ စိတ်မချရတဲ့ အခြေအနေဖြစ်နေပြီး ဒီနှစ်မှာတော့ တောင်ယာသွားမခုတ်နိုင်တော့ဘူးလို့ ဝဝမ်ကျေးရွာဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ ဒီနှစ်က တောင်ယာလည်း မခုတ်နိုင်တော့ဘူး။ တောင်ယာခုတ်ဖို့ အဲဒီဘက်မှာက စစ်တပ်ကထိုင်နေသေးတာရော၊ တောတွေက တိုက်ပွဲဖြစ်တဲ့နေရာဆိုတော့ မပေါက်ကွဲသေးတဲ့မိုင်းတွေ လက်နက်ကြီးတွေ ဘယ်မှာဘာရှိတယ်ဆိုတာ အရမ်းစိုးရိမ်ရသေးတယ်”လို့ ဒေသခံက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး တိမ်းရှောင်ခဲ့ရတဲ့ချိန် ကောက်ပဲသီးနှံတွေကို အခက်အခဲအမျိုးမျိုးကြားက ရိတ်သိမ်းယူခဲ့ရသလို အခုနှစ်မှာတော့ တောင်ယာအခင်းတွေမလုပ်နိုင်တော့တာကြောင့် စားဝတ်နေရေးပိုမိုခက်ခဲလာနိုင်တယ်လို့ နောက်ထပ်ဝဝမ်ဒေသခံတစ်ဦးကလည်း အခုလိုပြောပါတယ်။

“ တချို့က မနှစ်တောင်ယာလယ်ယာလုပ်ထားတယ်ဆိုပေမဲ့ မနှစ်ကလည်း အခက်အခဲတွေနဲ့ ရိတ်သိမ်းယူရတာဆိုတော့ မလောက်ငှတာပေါ့။ ဒီနှစ်က ပြန်မလုပ်နိုင်ဆိုတော့ ပိုပြီးမှ ခက်ခဲလာမှာပေါ့။”လို့ အထက်ပါဒေသခံက ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်ချိန်ကတည်းက လက်ရှိအချိန်ထိ ရွာနဲ့နီးတဲ့ တောင်ယာအခင်းတွေဆီပဲ သွားရောက်နိုင်တာကြောင့် တောင်ယာအများစု လုပ်ကိုင်စားသောက်ကြတဲ့ ဝဝမ်ကွမ်ဘန်ဒေသခံတွေဟာ မနှစ်ကလည်း တောင်ယာသီးနှံတွေ အများအပြားဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့က ဝဝမ်ကျေးရွာအနီးမှာရှိတဲ့ လုံဂျာတောင်ခြေမှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ချိန်ကနေ လက်ရှိအချိန်ထိ ဝဝမ်ကွမ်ဘန်ဒေသခံတွေဟာ မိုးမောက်မြို့ပေါ်က စစ်ရှောင်စခန်းနဲ့ ဆွေမျိုးတွေဆီမှာ နေထိုင်နေရဆဲဖြစ်ပါတယ်။ ပုံဟောင်းအသုံးပြုထားပါသည်။

Most read this week

January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...