မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ၅၇၀၀ ကျော်သာရှိ

မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ၅၇၀၀ ကျော်သာရှိ

မွန်ပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ ၅၇၀၀ ကျော်သာ ရှိသည်ဟု ပြည်နယ်ပညာရေးဌာနရှိ စာရင်းများအရ သိရသည်။

စစ်တပ် အာဏာမသိမ်းခင်က မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ အရေအတွက် ၃၀၀၀၀ ကျော်အထိ ရှိခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေပွဲတွင် ဖြေဆိုသူ ထောင်ဂဏန်းသာရှိတော့ခြင်း ဖြစ်သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသူတစ်ဦး၏ မိဘက “စာမေးပွဲဖြေတဲ့ ကျောင်းသူ ကျောင်း သားတွေကတော့ သိပ်တော့မများဘူး။ အနည်းအကျဉ်းပဲရှိတယ်” ဟု ပြောသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား/ကျောင်းသူ ၆၂၂၀ ဦးရှိသည့်အနက် ကျောင်းသား ကျောင်းသူ ၅၇၆၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၄၅၂ ဦး ပျက်ကွက်ခဲ့သည်။

မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပနေသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် မွန်ပြည်နယ်တစ်ခုလုံးတွင် စာစစ်ဌာန ၂၃ ခု ရှိသည်ဟု ပြည်နယ်ပညာရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသည့် အခြေခံပညာကျောင်းများတွင် လုံခြုံရေး တင်းကြပ်ထားသည်ဟု ကျောင်းသားမိဘများက ပြောသည်။

ကျောင်းသားမိဘတစ်ဦး “ရဲတွေရော စစ်သားတွေရာ နောက် အရပ်ဝတ်တွေလည်း ရှိနေတယ်။ အများကြီးပဲ လုံခြုံရေး တော်တော်တင်းကြပ်ထားတယ်။ ကျောင်းပတ်ဝန်းကျင်တစ်ခုလုံးမှာ လုံခြုံရေးချထားတယ်။ ကျောင်းသားမိဘတွေကလည်း ကိုယ့်သားသမီးကို စိတ်ပူလို့ပေါ့ လာစောင့်နေကြတယ်။ အခြေအနေက သိတဲ့ အတိုင်းပဲဆိုတော့လေ” ဟု ပြောသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် စနစ်ဟောင်း/သင်ရိုးဟောင်း၏ နောက်ဆုံး စာမေး ပွဲဖြစ်ပြီး စာမေးပွဲ ကျရှုံးထားသူများနှင့် ယခင်နှစ်များတွင် မဖြေဆိုခဲ့ရသူများလည်း ပြန်လည် ဖြေဆိုနိုင်သည်ဟု ပညာရေးဝန်ထမ်းအချို့က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်က မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေပွဲဖြေဆိုသူ ၁၁,၀၀၀ ကျော်ရှိခဲ့ သည်။

စစ်တပ် အာဏာမသိမ်းခင်က မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ အရေအတွက် ၃၀၀၀၀ ကျော်အထိ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင် သည့်အနေဖြင့် ကျောင်းသား/သူများက ကျောင်းဆက်မတက်ကြခြင်းတို့ကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ တွင် ဝင်ရောက်ဖြေဆိုသူ သိသိသာသာ လျော့နည်းလာခဲ့သည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...