NUG ကျောင်းများတွင် ကျောင်းအပ်နှံပါက အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ပြန်

NUG ကျောင်းများတွင် ကျောင်းအပ်နှံပါက အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်ထားသည့် အွန်လိုင်း စာသင်ကျောင်းများတွင် အပ်နှံသော ကျောင်းသားမိဘများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် အရေးယူသွားမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ထားသည်။

စစ်ကောင်စီ ထိန်းချုပ်ထားသော မြန်မာ့အသံ (MRTV) တွင် မတ်လ ၁ ရက်နေ့ ညပိုင်းက ထိုသို့ခြိမ်းခြောက် ကြေညာသွားခြင်းဖြစ်သည်။

ကျောင်းသားမိဘများအနေဖြင့် ပတ်ဝန်းကျင်ကို မလွန်ဆန်နိုင်၍ ဖြစ်စေ၊ မသိနားမလည်၍ ဖြစ်စေ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူခံရမည် ဖြစ်ကြောင်းလည်း ဆိုသည်။

စစ်ကောင်စီသည် ပညာရေးကိစ္စရပ် တစ်ခုတည်းတွင် ခြိမ်းခြောက်နေခြင်း မဟုတ်ဘဲ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးများကိုပါ ခြိမ်းခြောက်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် Dr.Bio (ခ)ဒေါက်တာစိုးဝင်းဦးက မှတ်ချက်ပြုသည်။

"စကစ ခြိမ်းခြောက်တာကတော့ အဆန်းတကြယ်မဟုတ်ပါဘူး။ မြန်မာပြည်သူတွေ အကုန်လုံးကို ခြိမ်းခြောက်နေတာပဲ။ အားလုံးရဲ့ မွေးရာပါ လူ့အခွင့်အရေးတွေ၊ နောက်တစ်ခုကတော့ တိုင်းပြည်မှာရှိနေတဲ့ တည်ဆဲ တရားဥပဒေစိုးမိုးရေးတွေ၊ ခြိမ်းခြောက်ရုံမက လူသားချင်းကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို မျိုးစုံ ကျူးလွန်နေတာ” ဟု Dr.Bio (ခ)ဒေါက်တာစိုးဝင်းဦးက ပြောသည်။

ကျောင်းသား မိဘများအနေဖြင့် မိမိတို့၏ စစ်ကောင်စီစာသင်ကျောင်းများနှင့် စစ်ကောင်စီ အသိအမှတ်ပြု ကိုယ်ပိုင်စာသင်ကျောင်းများတွင်သာ အပ်နှံ့ကြရမည်ဟုလည်း ဆိုထားသည်။

“သူ့ဘာသာသူ ဘယ်လောက်ပဲ ခြိမ်းခြောက်၊ ကြောက်မယ့်ထဲ မပါပါဘူး။ ကျွန်မ ကလေးတွေကို ပညာရေးနဲ့ ဆိုင်တဲ့ သင်တန်းတွေ၊ ပြီးတော့ စုံစမ်း ပြီးတော့ နောက်ထပ် ကျောင်းတွေထားရမှာပဲ။ စစ်ကောင်စီကျောင်းတွေ တော့ မပါဘူးပေါ့”ဟု ကျောင်းသားမိဘတစ်ဦးက မဇ္ဈိမကို ပြောသည်။

NUG အသိအမှတ်ပြု အွန်လိုင်းစာသင်ကျောင်းဖြစ်သည့် Free Online Educational Institution Myanmar (FOEIM) တွင် ကျောင်းအပ်နှံထားကြသည့် ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကျော်၏ အချက်အလက်များ ပေါက်ကြားလာပြီးနောက်  စစ်ကောင်စီက ယခုလို ခြိမ်းခြောက်လာခြင်း ဖြစ်သည်။

အဆိုပါ FOEIM စာသင်ကျောင်းကိုမှု အချက်အလက်များ ပေါက်ကြားမှုကြောင့် မတ်လ ၁ ရက်နေ့မှစတင်ကာ ပိတ်သိမ်းကြောင်း FOEIM က ကြေညာထားပြီး အချက်အလက် ပေါက်ကြားမှုအပေါ် တာဝန်ယူမှုအပိုင်းကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းကလည်း Kaung for you အွန်လိုင်းစာသင်ကျောင်းက ကျောင်းအုပ်ကြီး ဦးကောင်းသိုက်စိုးနှင့် ဦးဝင်းဗိုလ်၊ ဦးသန့်စင်ထိုက်တို့ကို စစ်ကောင်စီက ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သေးသည်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို ကန့်ကွက်သည့်အနေဖြင့် စစ်ကောင်စီက ဖွင့်လှစ်သော စာသင်ကျောင်းများတွင် မတက်ရောက်ဘဲ NUG က ဖွင့်လှစ်သည့် စာသင်ကျောင်းတွင် တက်ရောက်ကာ စစ်ကောင်စီကို တော်လှန် နေကြခြင်း ဖြစ်သည်။

စာတည်း။  ။ နောင်နောင်

စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...