ထိုင်းနယ်စပ်ရှိ စစ်ကောင်စီ စခန်း တိုက်ခိုက်ခံရ

ထိုင်းနယ်စပ်ရှိ စစ်ကောင်စီ စခန်း တိုက်ခိုက်ခံရ

ထိုင်းနယ်စပ်အနီး ကော့သောင်းခရိုင်အတွင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းတစ်ခုကို PDFပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နှစ်ဘက် ထိခိုက်သေဆုံးမှုများရှိခဲ့သည် ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ မြန်မာ - ထိုင်းနယ်စပ်ရှိ ရှမ်းကိုးကျေးရွာဒေသမှ ဝိုင်ဒင်း ကျေးရွာ အနီးတပ်စွဲထားသည့် စစ်ကောင်စီတပ် စခန်းကို ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်မှ စတင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပူးပေါင်းတပ်ဖွဲ့ဘက်က တာဝန်ခံ ဗိုလ်မုန်တိုင်းက “ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက် ၁၁ နာရီလောက်က ဝိုင်ဒင်း ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပူး ပေါင်းတပ် သွားရောက် တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ၃ နာရီနီးပါးလောက် ဖြစ်ပွားခဲ့တာ ပေါ့နော်။ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ ဘက်က PDF ရဲဘော်တစ်ယေက် ဒဏ်ရာရရှိခဲ့တယ်။ မစိုး ရိမ်ရပါဘူး”ဟု ပြောသည်။

အဆိုပါ တိုက်ပွဲမှာ နံနက် ၁၁ နာရီမှ မွန်းလွှဲ ၂ နာရီအချိန်ထိ ၃ နာရီနီးပါးအကြာ ဖြစ်ပွားခဲ့သည်ဟု ပူးပေါင်း တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

ဝိုင်ဒင်းကျေးရွာစခန်းကို ကော်သူးလေတပ်မတော် - KTLA နှင့် ကော့သောင်းခရိုင် ပြည်သူ့ ကာကွယ်ရေး တပ်မ တော် တပ်ရင်းအမှတ် ၁ မှ ပုလဲစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု တပ်ရင်း ၁ က ဖေဖေါ်ဝါရီ လ ၂၈ ရက်နေ့၊ ညနေပိုင်းတွင် သတင်းထုတ်ပြန် ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ရပြီး ထိခိုက် ဒဏ်ရာရသူများ လည်း ရှိနိုင်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ကော့သောင်းခရိုင် တပ်ရင်း ၁ မှ တပ်ဖွဲ့ဝင်တစ်ဦး ဝမ်းဗိုက်ကျည်ထိမှန် (မစိုးရိမ်ရ) ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝိုင်ဒင်းကျေးရွာတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးရောက်ရှိလာသည့် အင်အား ၁၇၀ ခန့်ပါ စစ်ကောင်စီတပ်နှင့် ကော်သူးလေ ပူးပေါင်းတပ်တို့အကြား သုံးနာရီအကြာ နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့သေးသည်။

အဆိုပါ တိုက်ပွဲကြောင့် ဝိုင်ဒင်းရွာသား အယောက် ၁၄၀ နီးပါးခန့် ထိုင်းဖက်အခြမ်းသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု စစ်ရှောင်များကို ကူညီပေးနေသူများက ဆိုသည်။

July 4, 2026
 ရှမ်းပြည် တောင်ပိုင်း၊ အောင်ပန်းမြို့၌ ကုန်ကားမောင်းနှင်သူ တစ်ဦးသည်...
July 3, 2026
မြန်မာနိုင်ငံတွင် လျှပ်စစ်မီးမရရှိခြင်းမှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း မရှိ၍မဟုတ်ဘဲ...
July 3, 2026
ချင်းပြည်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို...
July 2, 2026
ရှမ်းပြည်၏ မြို့တော်၊ တောင်ကြီးရှိ အောင်မြေသစ် အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် Grade 12...