ခမရ(၅၈၃) တပ်ကို ရေးဘီလူးအဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်

ခမရ(၅၈၃) တပ်ကို ရေးဘီလူးအဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် စစ်ကောင်စီတပ်၏ ခမရ(၅၈၃) တပ်ရင်းအား ရေးဘီလူးအဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့နယ်ရှိ စကခ(၁၉)လက် အောက်ခံဖြစ်သည့် ကျောင်းရွာအခြေစိုက် အမှတ် (၅၈၃) ခြေမြန်တပ်ရင်းအား ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၈ နာရီ ၂၀မိနစ် ခန့်တွင် ရေးဘီလူးအဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး နှစ်လုံးချ တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်ထံမှ သိရသည်။

စစ်ကောင်စီတပ်များ နေရာယူထားသည့် ဘန်ကာတွင်းသို့ ဗုံးသီးချနိုင်ခဲ့သဖြင့် အထိအခိုက်ရှိနိုင်သော်လည်း လတ်တလောတွင် အတည်မပြုနိုင်သေကြောင်း ဆိုသည်။

“ထိခိုက်သေဆုံးမှုကို အတိအကျမသိရသေးဘူး။ ဘန်ကာထဲကိုတော့ အသီးရောက်တယ်။ ဒရုန်းနဲ့ အသီးနှစ်လုံးနဲ့ ဖြိုခွင်းခဲ့ပါတယ်” ဟု ရေးဘီလူးခေါင်းဆောင်က မဇ္ဈိမ ကိုပြောသည်။

အဆိုပါတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်ခဲ့မှုများ ရှိခဲ့သော်လည်း ဒရုန်းရော လူပါ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း တနင်္သာရီတိုင်းမှ ရေးမြို့နယ်သို့အဝင် ရေးတံတားကြီးဂိတ်စခန်းအား ရေးဘီလူးအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်မှဆိုသည်။

လွန်ခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရေးဘီလူးအဖွဲ့၏ ပထမဆုံး ဒရုန်းမစ်ရှင်အဖြစ် ကျောင်းရွာအခြေစိုက် ခမရ(၅၉၁) တပ်ရင်းအား ဗုံးသီးတစ်လုံးချကာ တိုက်ခိုက်ခဲ့ပြီး ယခု ခမရ(၅၈၃) တပ်ရင်းအား တိုက်ခိုက်ခြင်းမှာ  ဒုတိယအကြိမ်ဒရုန်းမစ်ရှင် ဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

Most read this week

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...