စစ်ကောင်စီဥက္ကဋ္ဌ ရခိုင်ခရီးစဉ်မှာ စစ်တပ်အာဏာတည်မြဲရေးနှင့် ရခိုင်စီးပွားရေးသမားများအပါအဝင် ရခိုင်ပြည်သူများ အေအေကို မထောက်ခံရန် မက်လုံးပေးစည်းရုံးသည့် ခရီးစဉ်ဖြစ်ဟုဆို

စစ်ကောင်စီဥက္ကဋ္ဌ ရခိုင်ခရီးစဉ်မှာ စစ်တပ်အာဏာတည်မြဲရေးနှင့် ရခိုင်စီးပွားရေးသမားများအပါအဝင် ရခိုင်ပြည်သူများ အေအေကို မထောက်ခံရန် မက်လုံးပေးစည်းရုံးသည့် ခရီးစဉ်ဖြစ်ဟုဆို

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်နေ့ထိ ပြုလုပ်သည့် (၃) ရက်ကြာ ရခိုင်ခရီးစဉ်မှာ  ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ် တပ်ထားသော်လည်း တစ်ခြားတဖက်တွက်  စီးပွားရေးလုပ်ငန်းရှင်များအား မက်လုံးပေးပြီး စစ်တပ် အာဏာ ပိုမိုတည်မြဲရှင်သန်ရေးနှင့် ULA/ AA ကို ရခိုင်စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် ရခိုင်လူထု ထောက်ခံမှု မပြုလုပ်အောင် ရည်ရွယ်ပြုလုပ်သော ခရီးစဉ်ဖြစ်ကြောင်း  ဝါရင့်ရခိုင့်နိုင်ငံရေးသမား မြေပုံလွှတ်တော် အမတ်ဟောင်း ဦးဖေသန်းက ဝေဖန်ပြောဆိုသည်။

“ ဒါက စစ်တပ်ကို ရခိုင်ပြည်သူတွေနဲ့ စီးပွားရေးသမားတွေ ထောက်ခံလာအောင်  ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးလို့ သူ့ရခိုင်ခရီးစဉ်ကို ခေါင်းစဉ်တပ်ထားပါတယ်။ ဒါက အမှန်တကယ် သူတို့ စစ်တပ် အာဏာတည်မြဲရေးနဲ့ အေအေကို လူထု ထောက်ခံမှု လျော့ကျအောင် လုပ်ဖို့ လာတာပါ။ ရခိုင်ပြည်နယ်အမှန်တကယ်ဖွံ့ဖြိုးတိုးတက်စေလိုပါက နိုင်ငံရေးစစ်ရေး ပြဿနာကို ပြေလည်အောင် အရင်ဖြေရှင်းသင့်ပြီး ရခိုင်ပြည်သူတွေရဲ့ ဆုံးရှုံးနေတဲ့ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေကို ပြန်ပေးရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခရီးစဉ်သည် ရခိုင်ကို ယခင် လာခဲ့ကြသည့် စစ်ခေါင်းဆောင်များနည်းတူ အပြောကြီးပြီး အလုပ်မဖြစ်သည့်  ခရီးစဉ်ဖြစ်သဖြင့် ရခိုင်လူထု အတွက် ဘာမှ  မျှော်လင့်ချက်ထား၍ မရကြောင်း ဦးဖေသန်းက  ပြောသည်။

မင်းအောင်လှိုင် သည်  ဖေဖော်ဝါရီလ ၂၆ ရက်က စစ်တွေမြို့သို့ရောက်ရှိခဲ့ပြီး  ဖေဖော်ဝါရီလ ၂၇ ရက်၊ နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ပြည်နယ်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သလို ဖေဖော်ဝါရီ ၂၈ ရက်နေ့ကလည်း ကျောက်ဖြူမြို့တွင် တရုတ်စီမံကိန်း တစ်ခုဖြစ်သည့် စီပွားရေးဇုန်နှင့် ပတ်သက်ပြီးလည်း  ရခိုင်စီးပွားသမားများနှင့် တွေ့ဆုံခဲ့သည်။

ဖေဖော်ဝါရီလ ၂၈ ရက်က ကျောက်ဖြူမြို့နယ်ရှိ အထူးစီးပွားရေးဇုန် တည်ဆောက်မည့် နေရာကို သွားရောက်ကြည့်ရှုခဲ့သည်ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ အကြံပေးအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘရှိန်က နိရဉ္စရာသတင်းဌာနကို ပြောသည်။

"အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီးတော့ နံပါတ်တစ်လုပ်ငန်းဖြစ်တဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကို နိုင်ငံတော်ဖက်ကစပြီးတော့ ကတိကဝတ်အတိုင်းအကောင်အထည်ဖော်ဖို့ ဆောင်ရွက်မယ်။ နောက်ပြီးတော့ အထူးစီးပွားရေးဇုန်နဲ့ဆက်စပ်ပြီး ဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိအောင် စက်မှုဇုန်လုပ်ငန်းကိုလည်း ဆက်ပြီးဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်" ဟု ပြောသည်။

တရုတ်စီမံကိန်းတစ်ခုဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ရေနက်ဆိပ်ကမ်းစီမံကိန်းကို ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့နယ်အတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ စက်မှုလက်မှုနှင့် အဆင့်မြင့်အိမ်ရာ စီမံကိန်းတည်ဆောက်သွားရန်အတွက် မြေ ၄၂၈၉ ဒသမ ၃၂ ဧက ကို လျာထားကြောင်း သိရသည်။

တွေ့ဆုံမှုကို ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမတွင်ပြုလုပ်ခဲ့ပြီး SEZ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ကျောက်ဖြူအထူးစီးပွားရေးဇုန် လုပ်ငန်းအခြေအနေအသေးစိတ်အား စစ်ခေါင်းဆောင်အားတင်ပြခဲ့ပြီး စစ်ခေါင်းဆောင်ဘက်မှလည်း အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံပိုင်ကော်ပိုရေးရှင်း (China International Trust Investment Corporation-CITIC) ဦးဆောင်သည့် ကုမ္ပဏီအစုအဖွဲ့က တင်ဒါအောင်မြင်ခဲ့သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တရုတ် CITIC ကုမ္ပဏီက ဆောက်လုပ်မှာဖြစ်ပြီး ရေနက်ဆိပ်ကမ်း ဧရိယာဟာ မဒေးကျွန်းမှာ မီတာ ၂၅၀၀ အကျယ်နှင့် အနံ မီတာ ၆၀၀ ရှိသည့် ဆိပ်ကမ်းနှင့် ရမ်းဗြဲကျွန်းတွင် မီတာ ၁၅၀၀ အကျယ်နှင့် မီတာ ၆၀၀ အနံရှိသည့် ဆိပ်ကမ်း တည်ဆောက်မည်ဟု သိရသည်။

အဆိုပါ ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ပေ ၁၀၀၀ အထက် Mother Vessels, Carriers, Super Tankers စသည့်ကုန်တင်သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်သည့် ရေနက်ဆိပ်ကမ်း အမျိုးအစားဖြစ်ပြီး အဆိုပါရေနက်ဆိပ်ကမ်းမှ ကျောက်ဖြူရှိသော သဘာဝဓာတ်ငွေ့နှင့် ရခိုင်ကမ်းရိုးတန်း ရေနံလုပ်ကွက်များမှ ထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များအား တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့တင်ပို့သွားမည်ဟု သိရသည်။

သို့သော် ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ရေနက်ဆိပ်ကမ်းတည်ဆောက်မှုကြောင့် သံဇစ်မြစ်ကြောင်း တစ်လျှောက်တွင်ရှိသည့် သဘာဝဂေဟစနစ်များပျက်စီးပြီး ဒေသခံ ရေလုပ်သားအများအပြား၏ ရေလုပ်ကွက်များပျက်စီးသွားမည်ဖြစ်၍ စီမံကိန်းကို ဒေသခံများက  သဘောတူညီမှုမရှိကြောင်းလည်း ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့ဝင် ဦးထွန်းကြည်က ပြောဆိုသည်။

"ဒီ ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့်  ဒေသခံတွေအနေနဲ့သူတို့ရဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးသွားဖို့နဲ့ မြေသိမ်းယာသိမ်းခံရမှာကို ကြောက်နေကြတယ်။ နောက်တစ်ခုက ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ ရေလုပ်ကွက်တွေအများကြီးပျက်စီးသွားနိုင်တယ်။ အထူးသဖြင့် ဒေသခံတွေရဲ့ သဘောအရဒီစီမံကိန်း သဘောမကျကြဘူး" ဟု ပြောသည်။

ယခုခရီးစဉ်သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရက္ခိုင့်တပ်တော် (AA) နှင့်  အပစ်အခတ် ရပ်နားပြီး ၃ လအကြာတွင် ရခိုင်သို့  ယခုနှစ် အတွင်း ဒုတိယအကြိမ် လာရောက်ခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၉ ရက်ကနေ ၂၁ ရက်အထိ ငပလီမြို့တွင် ၃ ရက်ကြာကျင်းပခဲ့သည့်  (၈) ကြိမ်မြောက် ထိုင်း-မြန်မာနှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ကော်မတီ အစည်းအဝေးကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်  ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ် Chalermpol Srisawat နှင့် အတူ တက်ရောက်ခဲ့သည်။

ရခိုင်ပြည်နယ်သည် လက်ရှိ မြန်မာပြည်၏ နိုင်ငံရေးအခြေအနေတွင် တိမ်းစောင်းမခံနိုင်သော စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်း အခြေအနေသို့ ရောက်ရှိနေပြီး တစ်ဖက်လည်း အင်အားကြီးနိုင်ငံများဖြစ်ကြသည့်  ရုရှား၊ တရုတ်၊ အိန္ဒိယ နိုင်ငံများ၏ ရင်းနှီးမြုပ်နှံမှုများ ရှိနေသော ပြည်နယ် တစ်ခုဖြစ်သည်။

Most read this week

December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...
December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...