သီပေါ ဘော်ကြိုဘုရားပွဲတော် အကြောင်းပြပြီး စစ်ကောင်စီမှ လောင်းကစားဝိုင်းဖွင့်လှစ်နေ

သီပေါ ဘော်ကြိုဘုရားပွဲတော် အကြောင်းပြပြီး စစ်ကောင်စီမှ လောင်းကစားဝိုင်းဖွင့်လှစ်နေ

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ ဘော်ကြိုဘုရားပွဲတော် (တပေါင်းပွဲ) ကို အကြောင်းပြပြီး စစ်ကောင်စီတပ်ဖွဲ့မှ လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း သတင်းသိရှိရသည်။

နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသော ဘော်ကြိုဘုရားပွဲတော် (တပေါင်းပွဲ) ကို ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှစပြီး လပြည့်ကျော် ၁ ရက်အထိ ပဌာန်းရွတ်ခြင်း၊ ဘုရားရွှေဆိုင်းချခြင်းနှင့် ဘုရားအနေဂဇာတင်ခြင်း တို့ကိုပြုလုပ်သွားမည် ဖြစ်ကြောင်း ဘုရားဂေါပကလူကြီးထံမှ သိရသည်။

အဆိုပါ ဘော်ကြိုဘုရားပွဲတော် (တပေါင်းပွဲ) အတွင်း၌ ငါးပစ်ဂိမ်း၊ ကုံးကင်း နှင့် လေးကောင်ဂျင် စသည့် လူကြိုက်များ လောင်းကစားဝိုင်းများကို စစ်ကောင်စီတပ်ဖွဲ့မှ ထည့်သွင်းထားကြောင်း သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“လောင်းကစား ခုံပေါင်းက ၈၀ လောက်ရှိတယ်လို့ ကြားတယ်။ ငါးပစ်ဂိမ်း၊ ကုံးကင်း၊ လေးကောင်ဂျင် လောင်းကစားဝိုင်းတွေ ပါတယ်။ ဌာနဆိုင်ရာ ခွင့်ပြုချက်တွေနဲ့ ဖွင့်ထားတာပါ “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သီပေါမြို့တွင်း ပြုလုပ်သည့် ပွဲတိုင်းမှာ လောင်းကစားဝိုင်းကို ထည့်သွင်းလာနေကြောင်း သိရသည်။

ဘုရားပွဲတော်အတွင်း၌ လောင်းကစားဝိုင်း ထည့်သွင်းမှုနှင့် ပတ်သက်ပြီး “ကျနော်တို့ ဘုရားမှာတော့ ရွှေဆိုင်းချတာ၊ ပဌာန်းရွတ်တာ တပေါင်းလပြည့်နေ့ရောက်ရင်လည်း အနေဂဇာတင်တာ ဒီ (၃) ခုဘဲလုပ်တယ်ဗျ။ ကျန်တဲ့အပိုင်းတော့ ကျနော်တို့ မစွပ်ဖက်ရဲဘူး။ သူများလုပ်လား၊ မလုပ်လားလည်း ကျနော်တို့ပွဲခင်းထဲ မရောက်တော့မသိဘူး။ အခုခေတ် အခြေနေမှာတော့ လာလုပ်ပါလို့လည်း မဖိတ်ခေါ်ရဲဘူး၊ မလုပ်နဲ့လို့လည်း ကျနော်တို့ မပြောရဲဘူး “ ဟု ဘုရားဂေါပက အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် သီပေါမြို့တွင်း ပြုလုပ်သည့် ပွဲတိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့မှ လောင်းကစားဝိုင်း ထည့်သွင်းလာခြင်းနှင့် ပတ်သက်ပြီး လူမျိုးရေး၊ သာဘာ၊ သာသနာကို သပ်သပ်သာ ဖျက်စီးစေခြင်းဖြစ်ကြောင်း သီပေါဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

“ အရင်နှစ်တွေတုန်းကတော့ လောင်းကစားဝိုင်းဆိုတာ မရှိခဲ့ဘူးဗျ။ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှ သီပေါမြို့က ပြုလုပ်တဲ့ ပွဲတိုင်းမှာ လောင်းကစားဝိုင်းတွေ ထည့်လာတယ်။ ကျနော်တို့ သျှမ်းလူမျိုးကို ဆင်းရဲနွမ်းပါးအောင်လုပ်နေတာ။ သွားဆော့တဲ့သူက ရှုံးလေလေ၊ အရင်းပြန်လိုချင်ရင်တော့ ရှုံးလည်း ဆော့နေမှာ။ လူမျိုးကို မျိုးသုန်းအောင် လုပ်ချင်တင်မက ဘာသာ၊ သာသနာကိုပါ စော်ကားတယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ သမိုင်းဝင် ဘော်ကြိုမုဌောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို တပေါင်းလဆန်း (၉) ရက်၌ စတင်ဖွင့်လှစ်ပြီး တပေါင်းလပြည့်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...