ရွှေကူတွင် စစ်ကောင်စီ အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ပြည်သူ ၂ ဦးသေဆုံး

ရွှေကူတွင် စစ်ကောင်စီ အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ပြည်သူ ၂ ဦးသေဆုံး

ကချင်ပြည်နယ် ရွှေကူမြို့နယ် ငပေါက်ဝကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်တစ်စီးဖြင့် အကြောင်းမဲ့ လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက် ယနေ့ ညနေပိုင်း ၃ နာရီအချိန် ငပေါက်ကျေးရွာ၏ အရှေ့ဘက်ခြမ်း သင်္ဘောအင်းအနီး ဧရာဝတီမြစ်ကမ်းနဘေးတွင် လက်လုပ်လက်စား ရွှေတူးဖော်းနေသည့် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လာရောက်တိုက်ခိုက်ခဲ့ပြီး ထိုနေရာတွင် အမျိုးသား ၂ ဦး ဗုံးစထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားကြောင်း ရွှေကူမြို့နေ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

“လေယာဉ်ကတစ်စီးထဲပဲလာဝဲပြီး ဗုံးကျဲသွားတာ ငပေါက်ရွာရဲ့ ရှေ့တည့်တည့်မှာဟုတ်တယ်။ သင်္ဘောအင်းဘက်ကိုကျဲတာ သူတို့က အဲ့ဒီနေရာမှာ လက်လုပ်လက်စား ရွှေလုပ်ကိုင်နေတဲ့ ပြည်သူတွေကို ပစ်မှတ်ထားလို့ကို လာပစ်ကြတာ။ အဲ့နားမှာ တိုက်ပွဲဖြစ်တာလည်းမရှိဘူးလေ။ အဲ့နားတဝိုက်က ရွှေတူးဖော်တဲ့သူတွေလောက်ပဲရှိတာ စက်ယန္တရားကြီးတွေနဲ့လည်းမဟုတ်ဘူး။ တစ်ရက် တစ်ရွေးရရ နှစ်ရွေးရရ ဆိုပြီးလာလုပ်ကြတဲ့သူတွေပဲ အဲ့နေရာမှာ လာပစ်သွားတော့ ၂ ယောက်ကတော့ ပွဲချင်းပြီးဖြစ်သွားတယ်”ဟုပြောသည်။

စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်ခံရသည့်အတွက်ကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးသည့်အပြင် ပြည်သူအများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရပြီး ဆေးကုသခံယူနေရကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ကောင်စီဘက်မှ အရပ်သားပြည်သူများရှိသည့်နေရာတွင် လာရောက်တိုက်ခိုက်မှုသည် စစ်ကောင်စီနှင့်ပူးပေါင်းနေသည့် လုပ်ငန်းရှင်များ၏ တိုင်တန်းချက်ကြောင့် လာရောက်တိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု နောက်ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

“အခုကြားနေရတာ ရွှေဖောင်ကြီးတွေနဲ့ တူးနေတဲ့ လူတွေက စစ်တပ်ကို ပိုက်ဆံတွေပေးပြီး တူးခဲ့တဲ့နေရာလည်းဖြစ်တယ်။ အဲ့ခါတုန်းကတော့ ဒီကဒေသခံတွေ၊ ဘုန်းတော်ကြီးတွေခဏခဏ ကန့်ကွက်တာတွေ ဖြစ်တဲ့နေရာဖြစ်တယ်။ သူတို့လွတ်လွတ်လပ်လပ်မလုပ်ရလို့ဆိုပြီးတော့ စစ်တပ်ကိုတိုင်တာတဲ့။ ဒီနေ့ ရွှေကူမှာအစည်းအဝေးလုပ်တယ်ပြောကြတယ်။ အဲ့အစည်းအဝေးပြီးတာနဲ့ တစ်ခါထဲလာပစ်တာဖြစ်နိုင်တယ်”ဟုပြောသည်။

စစ်ကောင်စီ၏ လက်ချက်ကြောင့် ဗုံးစထိမှန်သေဆုံးသွားသည့် အရပ်သား၂ ဦးအနက် တစ်ဦးမှာ မိုးစစ်ကျေးရွာဒေသခံတစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ ပေါက်ကုန်းကျေးရွာမှ ဖြစ်ကြောင်းသိရသည်။

အဆိုပါ သေဆုံးသွားသည့် ၂ ဦး၏ အချက်အလက်နှင့် ဒဏ်ရာရရှိသွားသူများ၏ စာရင်းကို KNG သတင်းဌာနမှ ဆက်လက်စုံစမ်းနေဆဲဲဖြစ်သည်။

ရွှေကူမြို့နယ်ရှိ မိုးစစ်ကျေးရွာအနီး၊ ရေလယ်ကျွန်း၊ ငပေါက်ဝ အနီးဝန်ကျင်များတွင် စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်း ရွှေဖောင်များဖြင့် အကြီးစားရွှေတူးဖော်မှု လုပ်ကိုင်ခဲ့သောကြောင့် မြစ်ချောင်းပျက်စီးမှုများ၊ ရေလယ်ကျွန်းရှိ ဘုရားစေတီထိခိုက်ပျက်စီးများဖြစ်ပေါ်လာသည့်အတွက် ဒေသခံပြည်သူများက ပုံမှန်ကန့်ကွက်နေသည့် နေရာဒေသတစ်ခုလည်းဖြစ်သည်။

Most read this week

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...