တန့်ယန်းမြို့နယ် SSPP/SSA တပ်ဖွဲ့ဝင် မိသားစုအိမ်ကို စစ်ကောင်စီဝင်ပစ် ၊ သုံးဦး သေဆုံး

တန့်ယန်းမြို့နယ် SSPP/SSA တပ်ဖွဲ့ဝင် မိသားစုအိမ်ကို စစ်ကောင်စီဝင်ပစ် ၊ သုံးဦး သေဆုံး

သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ၏ တပ်ဖွဲ့ဝင် မိသားစုနေအိမ်ကို စစ်ကောင်စီ တပ်ဖွဲ့မှ ဝင်ရောက် ပစ်ခတ်သဖြင့် မိသားစုဝင် ၃ ဦး သေဆုံးခဲ့ရကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက် ညနေပိုင်း ၄ နာရီဝန်းကျင်တွင် တန့်ယန်းမြို့နယ် မိုင်းပတ်ကျေးရွာအုပ်စု မန်လွယ်ကျေးရွာရှိ SSPP/SSA တပ်ဖွဲ့ဝင် တစ်ဦး၏ မိသားစု နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကားလေးစီးဖြင့် လာရောက် ပိတ်ဆို့ ပစ်ခတ်ခဲ့ပြီး အိမ်တွင်းရှိ မိသားစုဝင် ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီအိမ်ကလား SSPP/SSA ရဲ့ လူဆိုတာ အော်သံတွေ စကြားရတယ်၊ ပြီးတော့ ထွက်ခဲ့ အကုန်ထွက်ခဲ့ဆိုပြီး တော့ ထပ်အော်တာ၊ နောက်တော့ စစ်သားဘက်က သေနတ်သံတွေ ထွက်လာတော့တာပဲ၊ စစ်သားတွေက အိမ်ပတ်လည်ကို ဝိုင်းပိတ်ထားပြီး ပစ်တာ၊ အိမ်ထဲမှာရှိတဲ့ သားအဖ သုံးဦးလုံး ပွဲချင်းပြီးသေသွားတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦး က ပြောသည်။

ရပ်ရွာထဲ ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်မှု လုပ်သည့် စစ်ကောင်စီ တပ်ဖွဲ့သည် မိုင်းပတ်အခြေစိုက် ခြေလျင်တပ်ရင်း ၁၃၆ မှ ဖြစ်ကြပြီး စစ်ကား လေးစီးအပြည့်ဖြင့် ရောက်လာကာ အိမ်ကို ဝိုင်းဝန်းပိတ်ဆို့ပြီး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတို့၏ ပစ်ခတ်မှုကြောင့် သေဆုံးရသူများသည် အိမ်ရှင် လုင်းစိုင်းအုံ ၊ သားအကြီးဖြစ်သူ စိုင်းဝမ်း နှင့် သားအငယ် စိုင်းထွန်းကျော်တို့ ဖြစ်ကြကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ခံရသည့် လုင်းစိုင်းအုံတို့ မိသားစုကို စစ်ကောင်စီ တပ်သားတို့က သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

“အလောင်းကို သူတို့ကားပေါ် ဆွဲတင်ပြီး သယ်သွားတယ်၊ တန့်ယန်းဆေးရုံလား၊ မိုင်းပတ်ဆေးရုံလား ဘယ်မှာ ထားသလဲတော့ မသေချာဘူး။ အိမ်ထဲက ပစ္စည်းတွေ ငွေတွေ ကိုလည်း သူတို့က မွှေနှောက်ယူသွားတယ်” ဟု ဒေသခံအမျိုးသားက ထပ်လောင်းပြောပြသည်။

သေဆုံးသူ မိသားစုဝင်များသည် ရှမ်းပြည် တိုးတက်ရေးပါတီ ၊ ရှမ်းပြည် တပ်မတော်နှင့် ဆက်စပ်ပတ်သက်မှု ရှိ/မရှိကို သျှမ်းသံတော်ဆင့်က SSPP ကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင်ဖြေကြားခြင်းမရှိပေ။

စစ်ကောင်စီ တပ်ဖွဲ့၏ အကြမ်းဖက် လုပ်ရပ်ကြောင့် လက်ရှိအချိန်တွင် ဒေသခံပြည်သူများလည်း ထိတ်လန့် ကြောက်ရွံ့နေကြကြောင်းလည်း သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့သည် တစ်နှစ်အပစ်ရပ်ကြေညာထားသော်လည်း တိုင်းရင်းသား လက်နက်ကိုင်များ၏ ဌာနချုပ်/ တပ်ရင်းနေရာများကို မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နေသည့်အပြင် ယခုလို ရပ်ရွာထဲ ပစ်ခတ်မှုတွေလည်း ပြုလုပ်နေသည်။

စစ်ကောင်စီ၏ အပစ်ရပ် ကြေညာချက်သည် ဟာသတစ်ခုသာ ဖြစ်နေကြောင်းလည်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တချို့က ပြောဆို သုံးသပ်နေကြသည်။

Most read this week

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...