မံစီတွင် စစ်ကောင်စီတပ် နှင့် KIA တပ်ရင်း ၂၇ တိုက်ပွဲ ပြင်းထန်

မံစီတွင် စစ်ကောင်စီတပ် နှင့် KIA တပ်ရင်း ၂၇ တိုက်ပွဲ ပြင်းထန်

ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မိုင်းခေါင်ရွာအနီးတွင် စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ကြား ၅ ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားကြောင်း ရှေ့တန်းသတင်းရင်းမြစ် များထံမှ သိရသည်။

ယနေ့ နံနက် ၈ နာရီခန့်တွင် မိုင်းခေါင် (Mung Hkawng) အနီး လိုင်ကာဇွပ်ဂျာ ကျေးရွာ (Laika Zupja) ၌ တိုက်ပွဲထပ်မံဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေကြောင်း လိုင်ကာဇွပ်ဂျာကျေးရွာမှ မိုင်းခေါင်တွင် စစ်ရှောင်နေသူ ဒေသခံတစ်ဦးက ပြောသည်။

“၁၇ ရက်နေ့ကတည်းက စစ်တပ်အင်အားအလုံးအရင်းနဲ့ ဒီဘက်ကိုတက်လာတယ်။ လမ်းဖောက်ဘဒူဇာလည်းပါတယ်။ လက်နက်ကြီးလည်းပါတဲ့ စစ်ပစ္စည်းတင်ကားတွေနဲ့ တက်လာကြ တာဟုတ်တယ်။ အဲ့မှာ KIA ဘက်က ကြားဖြတ်တိုက်ခိုက်လိုက်တာ၊ ၁၈ ရက် တနေ့နားပြီး ၁၉ ရက်နေ့ကနေ ဆက်တိုက်ပြန်ပစ်နေတာ။ မနေ့က နဲ့ ဒီနေ့တော့ အကြီးအကျယ်ပစ်နေကြတယ်”ဟုမိုင်းခေါင် ဒေသခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစပြီး စစ်ကောင်စီ ခလရ  ၂၃၇ ၊ ခလရ ၂၃၆ နှင့် ခလရ  ၂၂၃ စသည့် စစ်အင်အား ၂၀၀ ကျော်ပါသော စစ်ကြောင်းသည် မဂျီဂုန်စစ်တပ်ဗျူဟာကုန်းသို့ စစ်ရိက္ခာအပြည့်အစုံဖြင့် ချီတက်လာစဉ် KIA တပ်ရင်း ၂၇ မှ ကြားဖြတ် ပစ်ခတ်ခဲ့ရာမှ တိုက်ပွဲစတင်ပြင်းထန်လာကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ စတင်ကာ ယနေ့ထိ  ၅ ရက်ဆက် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရသူများကို ဗန်းမော်ဆေးရုံးဘက်သို့ ပို့ဆောင်ထားသည်ဟုလည်း သိရသည်။

“စစ်တပ်ဘက်က ၁၇ ရက်နေ့ နဲ့ ၁၉ ရက်နေ့က တိုက်ပွဲမှာတော့ ၁ ယောက်သေတာ တိတိကျကျသိရတယ်။ ခုထိ ဘယ်နှယောက်ဆက်သေလည်းတော့ မသိဘူး။  ထိခိုက်ဒဏ်ရာရတာ ၃၉ ဦး ဗန်းမော်ဆေးရုံးကို ပို့ထားတယ်လို့ သိရသည်။ မနေ့ကနဲ့ ဒီနေ့ အကြီးအကျယ်ပစ်နေတဲ့ထဲကတော့ မသိရသေးဘူး”ဟုပြောသည်။

ဒေသခံများ စစ်ရှောင်ချိန် ချန်ရစ်ထားသည့် လိုင်ကာဇွပ်ဂျာကျေးရွာထဲ၌ စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်ရပ်နားပြီး ကျေးရွာအတွင်း ကြက်၊ ဝက်များကို သတ်စားနေစဉ် KIA ဘက် မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်သည် မိုင်းခေါင်ရွာထိပ်မှ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေသောကြောင့် လိုင်ကာဇွပ်ဂျာ ကျေးရွာအတွင်းမှ နေအိမ်အချို့ ထိခိုက်ပျက်စီးမှုများလည်း ရှိနေကြောင်း ဒေသခံများ ပြောသည်။

KIA တပ်မဟာ ၃ တပ်ရင်း ၂၇ နယ်မြေဖြစ်သော မံစီမြို့နယ် မိုင်းခေါင် မှ မဂျီဂုန် လမ်းတစ်လျှောက်တွင် စစ်ကောင်စီ စစ်ကြောင်းကို KIA ဘက်မှ ပုံမှန် ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...