ဝေဖန်ကန့်ကွက်မှုများကြောင့် ရှေးသုကတည်ဆောက်နေသည့် မြောက်ဦးနန်းရာကုန်း ကျောက်ခင်းလျှောက်လမ်း ပြန်ဖျက်သိမ်း

ဝေဖန်ကန့်ကွက်မှုများကြောင့် ရှေးသုကတည်ဆောက်နေသည့် မြောက်ဦးနန်းရာကုန်း ကျောက်ခင်းလျှောက်လမ်း ပြန်ဖျက်သိမ်း
ဓာတ်ပုံ - Facebook
ဓာတ်ပုံ - Facebook

ဝေဖန်ကန့်ကွက်မှုများပေါ်ပေါက်လာပြီးနောက် ရှေးဟောင်သုတေသနက သမိုင်းဝင်မြောက်ဦးမြို့ နန်းရာကုန်းတော်ပေါ်တွင် တည်ဆောက်နေသည့် ကွန်ကရစ်ကျောက်ခင်းလမ်းကို ပြန်လည် ဖျက်သိမ်းလိုက်ပြီဖြစ်သည်ဟု သတင်းရရှိသည်။

မြောက်ဦးမြို့ ဒေသခံတစ်ဦးက “  လမ်းခင်းနေတဲ့ကျောက်တွေကို ပြန်ဖျက်ပြီး ပြန်သယ်သွားပါပြီ။ ကျောက်ခင်းလမ်း လုပ်နေတာကို ရုပ်သိမ်းလိုက်ပြီလို့ သိရတယ်။ ဒီလို သမိုင်းဝင် နန်းရာကုန်းပေါ်မှာ ကျောက်ခင်းလမ်းလုပ်တာကို လူအများက အကြီးအကျယ် ဝေဖန်ကန့်ကွက်ကြပြီးတဲ့နောက်မှာ ခုလို ဖျက်သိမ်းလိုက်တာပါ” ဟု ပြောသည်။

မြောက်ဦးနန်းတော်ရာကုန်းသည် ရခိုင်တမျိုးသားလုံး၏ အဖိုးမဖြတ်နိုင်သော သမိုင်းဝင် နေရာတစ်ခုဖြစ်ပြီး ယင်းနန်းရာကုန်းပေါ်ကို ဖြတ်ပြီးကျောက်ခင်းလမ်း ပြုလုပ်မှုအပေါ် ရခိုင်ဒေသခံ အများအပြားက ကန့်ကွက်ခဲ့ကြသည်။

ဒေသခံတစ်ဦးက “ မြောက်ဦးယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့အမွေအနှစ် ယူနက်စ်ကိုဝင်ရန် ကြိုးပမ်းနေချိန်တွင် ရှေးဟောင်းနန်းရာ ကုန်းပေါ်တွင် ရှေးသုက ကျောက်ခင်းလမ်းပြုလုပ်ခြင်းမှာ မရိုးသားသောလုပ်ရပ်တစ်ခုအဖြစ် ရှုမြင်ကြောင်း”  ပြောဆိုသည်။

မြောက်ဦးမြို့မှ ဝါရင့်နိုင်ငံရေးသမားလည်းဖြစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သူ  ဦးဦးလှစောကလည်း “မြောက်ဦးနန်းရာကုန်းပေါ်ကို ဖြတ်ပြီး ကျောက်ခင်းလမ်းပြုလုပ်ခြင်းသည်  ဖျက်ဆီးခြင်းဖြစ်ပြီး စုတ်ပဲ့လွန်းလှသည်” ဟု သူ၏ ပို့စ်က တစ်ဆင့်ရေးသားခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ၆ ရက် နံနက်ပိုင်းကလည်း  မြောက်ဦးယဥ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းမှလည်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ  နန်းရာကုန်းပေါ်တွင် သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး ရှေးဟောင်းနယ်မြေတစ်ခုပေါ်တွင် ကျောက်ခင်းလမ်းပြုလုပ်ခြင်းအပေါ်  မပြုလုပ်သင့်ကြောင်း ပြောဆိုပြီး လမ်းဖောက်လုပ်မှုကို ဖျက်သိမ်းရန် ဌာနဆိုင်ရာများနှင့် ညှိနိုင်းတောင်းဆိုမှု ပြုလုပ်ခဲ့သည်။  

မြို့ခံမြို့ခံတစ်ဦးက  " ဒါက မသင့်တော်လို့ လူတွေက ကန့်ကွက်ကြတာပါ။ ရှေးသုက ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာ မသိပေမယ့် ခုလို နန်းရာကုန်းပထမအဆင့်မှာ ပြုလုပ်နေတဲ့ ကျောက်ခင်းလျှောက်လမ်းကို  ပြန်ဖျက်သိမ်းနေတဲ့အပေါ်မှာတော့ ကောင်းတယ်လို့ ပြောချင်ပါတယ်။   အခု လမ်းခင်းထားတဲ့ ကျောက်ခဲတွေကိုယူပြီးတော့ ကားပေါ်ကိုတင်နေကြတယ်။ ဖျက်သိမ်းနေပါပြီ" ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့ ရှေးဟောင်းသုတေသန ညွှန်ကြားရေးမှူး ဦးကြည်ခင်အား ဖုန်းဆက်သွယ်၍ မရသော်လည် နန်းတော်ကုန်းသာယာလှပရေးစီမံချက်ဖြင့် သစ်ပင်စိုက်ခြင်း၊ ထိုင်ခုံတန်းများပြုလုပ်ခြင်းအပြင် လူသွားလမ်းအဖြစ် ကျောက်ခင်းလျှောက်လမ်းပြုလုပ်နေခြင်းဖြစ်သည်ဟု ရှေးသုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

နောက်ထပ်မြို့ခံတစ်ဦးကလည်း  "ဒီကျောက်ခင်းလျှောက်လမ်းပြုလုပ်မှုကို အွန်လိုင်းမှာကော့ အပြင်မှာ ပြင်းပြင်းထန်ထန်ကန့်ကွက်နေကြတာ။ အခုပြန်လည်ဖျက်သိမ်းနေပြီဆိုတော့ ဝမ်းသာပါတယ်။ မလိုအပ်တဲ့နေရာတွေမှာ မပြုပြင်ဘဲ တကယ့်ပြုပြင်ဖို့လိုအပ်တဲ့နေရာတွေမှာဘဲ အကျိုးကျိုးရှိအသုံးချသင့်တယ်လို့ ထင်ပါတယ်" ဟု သူ့၏အမြင်ကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း မြောက်ဦး၊ ထုက္ကန်သိမ်ဘုရားဧရိယာအတွင်း ဓာတ်မီးတိုင်များ စိုက်ထူမူပြုလုပ်ခဲ့သော်လည်း ဒေသခံများက ရှေးဟောင်းအမွေအနှစ်များ ထိခိုက်မည်ကို စိုးရိမ်၍ ကန့်ကွက်ခဲ့သဖြင့် နောက်ပိုင်းတွင်  ပြန်လည်ဖျက်သိမ်းပေးခဲ့ရသည်။

မြောက်ဦးမြို့တော်ကို ရခိုင်ဘုရင် မင်းစောမွန်က ခရစ်သက္ကရာဇ်  ၁၄၃၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၁၇၈၄ ခုနှစ်ထိ နှစ်ပေါင်း ၃၅၄ အထိတည်တံ့ခဲ့သဖြင့် သမိုင်းဝင် သက်တမ်းအရှည်ဆုံး မြို့တော်တစ်ခုဖြစ်ခဲ့သည်။

Most read this week

December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...
December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...