မြေပုံမြို့နယ်တွင် တပ်ကထွက်ပြေးလာသည့် စစ်သားနှစ်ဦး၏ ပစ်ခတ်မှုကြောင့် ငါးဖမ်းသမားတစ်ဦးရေထဲကျပျောက်ဆုံးနေပြီး တစ်ဦးအသက်ဘေးကလွတ်မြောက်

မြေပုံမြို့နယ်တွင် တပ်ကထွက်ပြေးလာသည့် စစ်သားနှစ်ဦး၏ ပစ်ခတ်မှုကြောင့် ငါးဖမ်းသမားတစ်ဦးရေထဲကျပျောက်ဆုံးနေပြီး တစ်ဦးအသက်ဘေးကလွတ်မြောက်

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ထူးချေကျေးရွာတွင် စစ်ကောင်စီတပ်မှထွက်ပြေးလာသည့် စစ်သား (၂) ဦး၏ ပစ်ခတ်မှုကြောင့် ငါးဖမ်းသမားတစ်ဦးရေထဲကျ ပျောက်ဆုံးနေပြီး နောက်တစ်ဦးမှာ အသက်ဘေးက လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ ဖေဖော်ဝါရီ ၈ ရက် နံနက် ၅နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တပ်က လက်နက်များ ယူဆောင်ထွက်ပြေးလာသူ စစ်သားနှစ်ဦးသည် မြေပုံမြို့နယ်၊ ထူးချေကျေးရွားမှ ငါးဖမ်းသမားနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ရာမှ တစ်ဦး၏ ပေါင်ကို ထိမှန်ပြီးရေထဲပြုတ်ကျကာ ပျောက်ဆုံးနေပြီး နောက်တစ်ဦးမှာ ရေထဲကို ကန်ချခံခဲ့ရသော်လည်း  အသက်မသေဘဲ ပြန်လည် လွတ်မြောက် လာသည်ဟု သတင်းရရှိသည်။

ပေါင်ကို သေနတ်ထိမှန် ပျောက်ဆုံးနေသူမှာ ဦးမောင်ဆန်းညွန့်(၃၆ နှစ်)ဖြစ်ပြီး အသက်ဘေးက လွှတ်မြောက်လာသူမှာ  ကိုဇော်မင်းသိန်း (၂၆ နှစ်)တို့ ဖြစ်သည်။

ကျေးရွာသားတစ်ဦး၏ ပြောပြချက်အရ မြေပုံမြို့နယ် ထူးချေကျေးရွာမှ စက်လှေပိုင်ရှင် ဦးမောင်ဆန်းညွှန့်နှင့် ကိုဇော်မင်းသိန်းတို့သည် မြေပုံမြို့နယ် သံသမ မီးပြကျောက်ဆောင်အနီးတွင် ယနေ့ နံနက် အစောကြီးက ဟွန်ဒါစက်လှေတစ်စီးဖြင့် ငါးပိုက်ဖော်နေကြစဉ် တပ်က ထွက်ပြေးလာကြသည့်  စစ်သားနှစ်ဦးသည် မော်တော်ဘုတ်တစ်စီးဖြင့် ဘေးနားကို ရောက်ရှိလာပြီး  မအော်ရန်နှင့် အော်က ပစ်သတ်လိုက်မည်ဟု ပြောဆိုကာ သေနတ်ဖြင့် ချိန်ရွယ်ထားကြောင်း၊ ၎င်းနောက် သူတို့ အား ကမ်းသို့ လိုက်ပို့ခိုင်းခဲ့ကြောင်း၊ သို့သော်လည်း ပိုက်ဖော်နေချိန်ဖြစ်သဖြင့် ကြန့်ကြာနေ၍ ပိုက်ဖော်နေသူ ဦးမောင်ဆန်းညွှန့်၏ ပေါင်ကို သေနတ်ဖြင့် ပစ်ကာ စက်လှေပေါ်တွင်ရှိနေသူ ကိုဇော်မင်းသိန်းအားရေထဲကန်ချကာ ဟွန်ဒါစက်လှေကို မောင်းယူသွားခဲ့သည်ဟု သိရသည်။

 ပေါင်ကို သေနတ်ထိမှန်ခဲ့သူ ဦးမောင်ဆန်းညွန့်မှာ ယခုအချိန်ထိ ပျောက်ဆုံးနေပြီး ရေထဲ ကန်ချခံရသူ ကိုဇော်မင်းသိန်းကို တစ်ရွာတည်းနေထိုင်သူ စက်လှေပိုင်ရှင်တစ်ဦးက ကယ်ဆယ်ခဲ့ရသည်ဟု သိရသည်။

ကျေးရွာသားတစ်ဦးက “ ဒီစစ်သားနှစ်ဦးက မြေပုံမြို့ သဲတန်းရပ်ကွက် ပညာဗောဂ ကျောင်းမှာ ယာယီတပ်စွဲနေတဲ့ စစ်ကောင်စီတပ်က  ဖြစ်တယ်လို့ သိရပါတယ်။ အဲဒါ ဟွန်ဒါ စက်လှေကို လိုချင်လို့  ပိုင်ရှင်ကို သေနတ်နဲ့ ပစ်ပြီး နောက်တစ်ဦးကို ရေထဲကို ကန်ချပြီး စက်လှေကို ယူပြီး ထွက်ပြေးသွားကြတာ။ ဦးမောင်ဆန်းညွန့်က အခုအချိန်ထိ ရေထဲကျ ပျောက်ဆုံးနေတယ်။  သေဆုံးသွားပြီလို့ ထင်တယ်။  ကိုဇော်မင်းသိန်းကတော့ လွတ်မြောက်လာပါတယ် ” ဟု ရွာသားတစ်ဦးကပြောသည်။

စစ်သား၂ ဦးသည် ဟွန်ဒါစက်လှေကို မောင်ပိုင်စီးပြီး ထွက်ပြေးသွားကြသည်ဟု ဆိုသည်။

အမည်မဖော်လိူသူ ဦးမောင်ဆန်းညွန့်နှင့်နီးစပ်သူ အမည်မဖော်လိုသည့် ထူးချေရွာသားတစ်ဦးက  "မနက် ၅နာရီလောက်မှာ ငါးဖမ်းပိုက်ချထားတာကို ထူးချေရွာသား ၂ယောက်က ပိုက်သွားဖော်တာ။ အဲ့ဒါကို စစ်သား၂ယောက်က သေနတ်နဲ့ချိန်ပြီးတော့ စက်လှေမောင်းခိုင်းတယ်လို့ သိရတယ်။ သူတို့မှာ ပိုက်ထုပ်ကျန်ခဲ့လို့ သွားယူရဦးမယ်ပြောတာကို သေနတ်နဲ့ထောက်ပြီး မယူနဲ့လို့ပြောတယ်လို့သိရတယ်။ ငါးဖမ်းပိုက်လာယူတဲ့ ထူးချေရွာသား ၂ယောက်ရဲ့ စက်လှေကို မောင်းပြီးတော့ သွားခိုင်းတယ်။ ပါသွားတဲ့ အငှားသမားလေးကိုတော့ ကန်ချပစ်တယ် ပြောပါတယ်။ စက်လှေပိုင်ရှင် ပိုက်ဖော်နေတာကိုတော့ သေနတ်နဲ့ ပေါင်ကိုပစ်ပြီး ကန်ချလိုက်တယ်တဲ့။ ဘုတ်သမားတစ်ယောက် ဆယ်လာလို့ တစ်ယောက်တော့ရှင်တယ်။ တစ်ယောက်က ရှာမရသေးဘူး"ဟု ပြောသည်။

လက်ရှိမှာ ပျောက်ဆုံးနေသူ ကိုမောင်ဆန်းညွန့်ကို ရှာဖွေနေဆဲဖြစ်ပြီး ရှာမတွေ့သေးကြောင်း သိရသည်။

အဆိုပါ ထွက်ပြေးသွားသည့် စစ်သားနှစ် ကျန်စစ်ကောင်စီတပ်သားများက လိုက်လံ ရှာဖွေနေကြပြီး အင်အား ၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သား ၂၀ ခန့်သည် လက်ရှိ ထူးချေရွာကို ရောက်ရှိနေသည်ဟု  အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

နောက်ဆုံးရရှိသော သတင်းအရ ၎င်းစစ်သားနှစ်ဦးမှာ မြေပုံမြို့နယ် ငရီပြင်ကမ်းသို့ အရောက်တွင် အေအေထံ လက်နက်ချခဲ့ပြီး သူတို့နှစ်ဦးကို ရက္ခိုင့်တပ်တော် အေအေက ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သတင်းများရရှိကြောင်း ၎င်းကပြောသည်။

အသက်ဘေးမှ လွှတ်မြောက်လာသူ ကိုဇော်မင်းသိန်းလည်း မိမိနေအိမ်သို့  မွန်းလွဲ ၂ နာရီခန့်တွင် ပြန်ရောက်လာပြီးနောက် အေအေက ခေါ်ဆောင်သွားသည်ဟု ကျေးရွာသား တစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော်သို့ ဆက်သွယ် မေးမြန်းနေဆဲဖြစ်ပါသည်။  ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် လက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

Most read this week

December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...
December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...