ပူတာအိုဒေသတွင် ရှီးပတီးများ ပိုရှားပါးလာ

ပူတာအိုဒေသတွင် ရှီးပတီးများ ပိုရှားပါးလာ
ဓါတ်ပုံ - ဆန်လုရမ်ဆိန်း
ဓါတ်ပုံ - ဆန်လုရမ်ဆိန်း

မြန်မာနိုင်ငံ မြောက်ဖျားပိုင်း၊ ပူတာအိုဒေသက ထွက်သည့် ဆေးဘက်ဝင် ရှီးပတီး (ခေါ်) ဆောင်းပိုးနွယ်မြက်ပင် (ခေါ်) ပိုးဆေးနွယ်ရှင်ပင်သည် တစ်နှစ်ထက် တစ်နှစ်ပိုမိုရှားပါးသွားသည်ဟု ဒေသခံများက ပြောသည်။

ယခုနှစ် ရှီးပတီးရှာချိန်တွင် ပိုမိုရှားပါးလာမည်ကို ရှီးပတီးရှာဖွေသည့် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ကြသည့် ဌာနေတိုင်းရင်းသားများဖြစ်သည့် ရဝမ်နှင့် လီဆူတိုင်းရင်းသားများက စိုးရိမ်နေရသည်။

ရှီးပတီး အထွက်နှုန်းနည်းလာသည်နှင့် ပတ်သက်၍ “ရှီးပတီးရှာတဲ့လူတွေက အများကြီးတော့မရပေမယ့် မဟုတ်ပေမယ့် နည်းနည်းပါးပါးတော့ ရကြတာပေါ့နော်။ အရင်နှစ်တွေကထက် လေးငါးဆလောက်တောင် ရှားသွားတယ်။ ဘာကြောင့်လဲဆိုတာ အတိအကျတော့ ပြောဖို့ခက်တယ်။ ဖြစ်နိုင်တာက ရာသီဥတုကြောင့်ရယ်၊ ရာသီဥတုဆိုတာက တခါတလေ ရေခဲရှိရတဲ့အချိန်မှာ ရေခဲမရှိဘူး။ ရေခဲများတဲ့နှစ်မှာကျတော့ ရှီးပတီးက အထဲမှာ ပုပ်သွားတဲ့အထိကို ရေခဲက မပျော်ဘူးဖြစ်တယ်။ ရေခဲဖုံးတာပေါ့။ အဲ့လိုရာသီဥတု အပြောင်းအလဲ ရှိ တယ်” ဟု ပူတာအိုဒေသခံ ဆန်လုရမ်ဆိန်း က ပြောသည်။

နှစ်စဉ် မေလမှ ဇွန်လ အထိ ရေခဲတောင်ဒေသများတွင် ပူတာအိုဒေသရှိ ဌာနေတိုင်းရင်းသားများ ဖြစ်ကြ သည့် ရဝမ်နှင့် လီဆူတိုင်းရင်းသားများက ရှာဖွေတူးဖော်ကြခြင်း ဖြစ်သည် ဟု ပူတာအိုဒေသခံ ဆန်လုရမ်ဆိန်း က ပြောသည်။

“နောက်တစ်ခုက လူတွေက ရှီးပတီးကို တန်ဖိုးကြီးလာတဲ့အခါမှာ ဂေါ်ပြားတို့ ပေါက်ပြားတို့ ယူပြီး ရှီးပတီး မှော်ကို တူးပစ်လိုက်တာ။ မြေကိုဆွလိုက်တော့ အထွက်နှုန်းတွေက နည်းနည်း လျော့လာတယ်။ ရှာဖွေတဲ့လူ တွေ စည်းကမ်းမရှိတာကြောင့် ဖြစ်တယ်။ မနှစ်ကဆို ပိဿာလိုက်ရတဲ့လူတောင် မရှိတော့ဘူး။ ဒါကြောင့် ပိဿာလိုက် ရောင်းဖို့တောင် မရှိဖြစ်ကုန်တယ်။”

ပူတာအိုမြို့နယ်၊ နောင်မွန်၊ ပနန်းဒင် ဒေသရှိ ရေခဲတောင်နေရာများ မဂျွယ်ရာဇီ၊ ခန်လန်ရာဇီ စသည့် ရေခဲ တောင် ဒေသများတွင် နှစ်စဉ် ဒေသခံများက နှစ်လတာအတွက် ရိက္ခာများ သယ်ပိုးပြီး သွားရှာကြခြင်း ဖြစ်သည် ဟု ဒေသခံများက ပြောသည်။

၂၀၂၂ ခုနှစ် ရှီးပတီးထွက်ချိန် က ရှာဖွေစုဆောင်းထားသည်များမှာ ယခုလက်ရှိတွင် တစ်ပိဿာလျှင် ကျပ် သိန်း ၃၀၀ ကျော်ဝန်းကျင်ခန့်ရနေသည်ဟု ရှီးပတီးရှာသည့် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းနေသည့် ပူတာအို ဒေသခံများက ပြောသည်။

၂၀၂၁ ခုနှစ် တွင် ရှီးပတီးစျေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် သိန်းနှစ်ရာကျော်ခန့်သာရခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် သိန်းတစ်ရာကျော် အထိစျေးမြှင့်တက်သွားသည်ဟု ဆိုသည်။ သို့သော်လည်း ရှီးပတီး အထွက်နှုန်းလျှော့ကျ သွားသည့်အတွက် ပိဿာလိုက် ရောင်းချနိုင်သည့် နှုန်းပင် မရှိတော့ဘူး ဟု ပူတာအို ဒေသခံများက ပြောသည်။

ရှီးပတီးသည် စိုက်ပျိုး မွေးမြူ၍ မရဘဲ သဘာ၀အတိုင်း ရေခဲတောင်များပေါ်တွင် ရှာဖွေတူးဖော်မှသာ ရရှိနိုင် သည့် အပင်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံရှိ ပူတာအိုရေခဲတောင်ဒေသများ၊ ဘူတန် ၊ နီပေါ နှင့် တရုတ်ပြည် အနောက်တောင်ပိုင်း ဒေသများတွင် တွေ့ရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ပူတာအို ရေခဲတောင် ဒေသမှ ထွက်သည့် ရှီးပတီးကို တရုတ်နိုင်ငံက အဓိက ဝယ်ယူကြပြီး အားဆေး အတွက် အပြင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ မျိုးပွားနိုင်မှု အားနည်းခြင်း၊ ကာမဆန္ဒ ကုန်ခမ်းခြင်း၊ နာတာရှည်မောပန်းခြင်းနှင့် ကိုယ်ခံအားကျဆင်းခြင်းတို့အပြင် ကင်ဆာရောဂါများအတွက်ပါ ကာကွယ်ဆေး ဖြစ်သည်ဟု ယုံကြည်ကာ သောက်သုံးလာသည်မှာယနေ့တိုင် ဖြစ်သည်ဟု ပူတာအို ဒေသခံများက ပြောသည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...