ကန့်ဘလူတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ၊ စစ်ကောင်စီနှင့် ပျူစောထီးများကို ဒေသခံ ကာကွယ်ရေးတပ်များက လက်နက်ကြီးဖြင့် ပစ်

ကန့်ဘလူတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ၊ စစ်ကောင်စီနှင့် ပျူစောထီးများကို ဒေသခံ ကာကွယ်ရေးတပ်များက လက်နက်ကြီးဖြင့် ပစ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးတို့ကိုလည်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီ လက်အောက်ခံ စစ်သားများနှင့် ပျူစောထီး များကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများနှင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိခဲ့သည် ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ရွာထဲမှာ တပ်စွဲထားတဲ့ စစ်သားတွေ တိုက်ခိုက်ခံရတာ။ ရွာထဲမှာ ရွာသားတွေမရှိတဲ့အချိန် မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက လာပစ်တာ။ စစကြောင်းက ရွာထဲရှိနေတော့ကျနော်တို့က အကုန် အပြင်ထွက်ပြေးကုန်ပြီဗျ။ ကျနော်တို့လည်း ရွာပြင်ကနေပဲ စောင့်ကြည့် နားစွန့်နေရတာ” ဟု ပြောသည်။

ဇန္နဝါရီလ ၁၉ ရက်နေ့၊ ညနေပိုင်းတွင် ဇာဒီကျေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတွင်တပ်စွဲထားသည့် အင်အား ၃၀ နီးပါးခန့်ရှိသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ကန့်ဘလူ UG အဖွဲ့ တာဝန်ရှိသူ တစ်ဦးက “သူတို့က ရွာထဲမှာ တပ်စွဲထားတာပါ။ အဲ့ဒါ ဒီရွာထဲ့လူတွေရွာသား တွေကို ရွာထဲမှာ အနီးအနားမှာ မရှိတော့တဲ့အထိ စောင့်ရတယ်။ ရွာသားတွေ အဲ့နားမှာမရှိတော့အောင် ကျနော် တို့ဘက်က လုပ်ပြီးမှ သွားတိုက်တာပါ။ အဲ့အချိန်မှာ သူတို့ကို ပစ်လို့ရပြီ၊အခြေအနေတွေ ရှင်းပြီဆိုမှ ကျနော် တို့ ပူးပေါင်းအဖွဲ့တွေက သွားပစ်တာပါ။

သူတို့ဘက်က ထိခိုက်မှုတော့ ရှိနိုင်တယ်။ အတိအကျတော့ မသိသေး ဘူး။ ကျနော်တို့ အဖွဲ့တွေဘက်ကတော့ ဘာမှထိခိုက်မှုမှရှိဘူး” ဟု ပြောသည်။

ဇာဒီကျေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကိုKanbalu Underground Warriors၊ MPF U.18၊ ကန့်ဘလူ မြို့နယ် ပကဖ အဖွဲ့၊ မြေပြင်လှုပ်ရှား ညီနောင်များနှင့် ကန့်ဘလူမြို့နယ် LPDF မဟာမိတ်အဖွဲ့များက ပူးပေါင်းကာ ၆၀ မမ ၂ လုံး၊ ၁၂၀ မမ ၅ လုံး ကျည်များနှင့် သွားရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

အလားတူ ကန့်ဘလူခရိုင်အတွင်းက ကိုးတောင်ဘို့နယ်မြေတွင်လည်း စစ်ကောင်စီတပ်က ဇန္နဝါရီလ ၁၉ ရက်နေ့ ညနေ ၃ နာရီ၊ မိနစ် ၄၀ အချိန်ခန့်တွင် လေကြောင်းမှ လာရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ကန့်ဘလူခရိုင် ကိုးတောင်ဘို့နယ်မြေ ကျောက်ပြင်သာ ဓမ္မာရုံကို ညနေ ၃ နာရီ မိနစ်၄၀ အချိန်လောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှု ပြုလုပ်သွားပါတယ်။ ဒီနေရာမှာကဘာတိုက်ပွဲမှ လည်း မရှိဘူး။ လေယာဥ်နဲ့ ဗုံးကြဲခဲ့တာမှာကတော့ ကံကောင်းထောက်မစွာနဲ့ ပြည်သူတွေ ထိခိုက်မှု မရှိခဲ့ပါဘူး ဗျ။ ဒါပေမယ့် ဓမ္မာရုံတော့ ပျက်စီးသွားခဲ့ပါတယ်” ဟု ပြောသည်။

ဇန္နဝါရီလ ၁၇ ရက်နေ့တွင်လည်း ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ် ညောင်ဇင်လေး (အနောက်)ရွာထဲ အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများကို Kanbalu Underground Warriors ၊ MPF U.18 ၊ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ၊ မြေပြင်လှုပ်ရှားညီနောင်များနှင့် ကန့်ဘလူမြို့နယ် L-PDF အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ရာ ၈ ဦး သေဆုံးခဲ့သည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူ များ အဖွဲ့ - ကန့်ဘလူခရိုင်က ထုတ်ပြန်ထားသည်။

ဇန္နဝါရီလ ၁၉ ရက်နေ့က တိုက်ခိုက်ခံရသည့် ကန့်ဘလူမြို့နယ်အတွင်းက ဇာဒီကျေးရွာကစစ်သားများနှင့် ပျူစောထီးများသည်လည်း အဆိုပါ ကျေးရွာတွင် စခန်းချနေထိုင်နေသည်မှာ ၅ လဝန်းကျင်ခန့်ရှိပြီဖြစ်သည်ဟု ဒေသခံများက ပြောသည်။



ဓါတ်ပုံ - ပျက်စီးသွားသည့် ကိုးတောင်ဘို့နယ်မြေ ကျောက်ပြင်သာ ဓမ္မာရုံ

July 10, 2026
ရခိုင်ပြည် အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်ပေါင်းစုံ၌ ရေကြီးရေလျှံမှုများ...
July 10, 2026
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ရှော့တိုက်ဒုံး ၄ လုံး ကျရောက်ပေါက်ကွဲမှု...
July 9, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ မဟာမိတ်တပ်ဖွဲ့များဖြစ်သည့်...
July 9, 2026
ရခိုင်ပြည်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေများ မြင့်တက်လာကာ...