စစ်ကောင်စီ တပ်ဖွဲ့များ ရဲစခန်းကို စွန့်၍ ထွက်ခွာ

စစ်ကောင်စီ တပ်ဖွဲ့များ ရဲစခန်းကို စွန့်၍ ထွက်ခွာ

ခံစစ် အခိုင်အမာ တည်ဆောက်ထားသည့် ရဲစခန်းကို စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင် များက ဖျက်ဆီး၍စွန့်ခွာသွားခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အတွင်းရှိ သကျက်တောကျေးရွာ နယ်မြေခံ ရဲစခန်းကို ဇန္နဝါရီလ ၁၃ရက်နေ့၊ ညပိုင်းက စွန့်ခွာသွားခဲ့ခြင်း ဖြစ်သည်။

သကျက်တော ရဲစခန်းအတွင်းရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ဝန်းကျင်ခန့် နှင့် အသစ်ထပ်မံ ရောက်ရှိလာသည့် အင်အား ၂၀ ကျော်တို့ ည ၁၀ နာရီခန့်က လယ်လှစာသင်ကျောင်းအနီးမှတဆင့် ရေလမ်း ခရီးဖြင့် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “ထပ်ရောက်လာတဲ့ လူသစ်တွေနဲ့ စခန်းကို ပိုကောင်းအောင် ပြင်ဆင် နေတယ် ထင်တာ။ မနက်မိုးလင်းမှ တစ်ယောက်မှ မရှိတော့ဘူး ဆိုတာသိရတယ်။ ရဲစခန်းဝင်ပေါက်က တံခါး မကြီးလည်း ပွင့်နေတယ်။ မိုင်းတွေ ထောင်ထားခဲ့မှာ စိတ်ပူတယ်” ဟု ပြောသည်။

ထိုသို့ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ထွက်ခွာသွားပြီးနော်က အဆောင်တံခါးများလည်း ပွင့်နေပြီး ရဲစခန်းဆိုင်း ဘုတ်ကို ဆေးအဖြူဖြင့် သုတ်သွားခဲ့သည့်အပြင် ကင်းတဲများနှင့် ဘန်ကာများကိုပါ ဖျက်ဆီးထားခဲ့ကြသည်ဟု ရွာသားများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် အဆိုပါ ရဲစခန်းအတွင်းမှ မိသားစုဝင်များကို အခြားနေရာများသို့ ပြောင်းရွှေ့ထားခဲ့ခြင်းကြောင့် လက်ရှိတွင် စခန်း၌ စစ်သားများနှင့် ရဲအချို့သာ ရှိနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ရုတ်ချည်း ပြောင်းရွှေ့သွားခြင်းမှာ အချက်အခြာကျသည့် ကျောက်နီမော်ကျေးရွာရှိ အရေးကြီးသည့် စခန်းကဲ့သို့သော နေရာမျိုးတွင် သွားရောက် ပူးပေါင်းတပ်စွဲခြင်းမျိုး ဖြစ်နိုင်သလို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်များ က လာရောက် တိုက်ခိုက်သိမ်းပိုက်မည်ကို စိုးရိမ်ကြောက်လန့် ခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေလအတွင်း ယင်း သကျက်တောရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြပြီး ထိုသို့ တိုက်ခိုက်ခံရပြီးသည့်နောက် စခန်းအတွင်းကို အခိုင်အမာ ပြင်ဆင် ပြုပြင်ခြင်းများနှင့် လူအင်အားထပ်မံ ဖြည့်တင်းခြင်းများ ရှိခဲ့သည်။

ဇန္နဝါရီလ ၆ ရက်နေ့ကလည်း သကျက်တောရဲစခန်းအတွင်းမှ ဈေးဝယ်ထွက်သူ ၂ ဦးကို PDF တပ်ဖွဲ့က စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး သေဆုံးပြီး စစ်သား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သေးသည်။

May 26, 2026
တရုတ်၏ ဖိအားကြောင့် တော်လှန်ရေးပူးပေါင်းတပ်များ ဆုတ်ခွာပေးခဲ့ရပြီးနောက် စစ်တပ်က ပြန်လည်...
ဓါတ်ပုံ - ပုံဟောင်း
May 25, 2026
ချင်းမြောက်ပိုင်းကို ပြန်ထိန်းချုပ်ထားသည့် စစ်တပ်သည် ချင်းတောင်ပိုင်းဝင်ပေါက် ကန်ပက်လက်မြို့ကို...
May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...