စစ်ကောင်စီ လက်နက်ကြီးကြောင့် ကျိုက်ထိုမြို့နယ်က အရပ်သား တစ်ဦးသေ၊ ၈ ဦး ဒဏ်ရာရ

စစ်ကောင်စီ လက်နက်ကြီးကြောင့် ကျိုက်ထိုမြို့နယ်က အရပ်သား တစ်ဦးသေ၊ ၈ ဦး ဒဏ်ရာရ

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ဒေသခံတစ်ဦးသေ၊ ၈ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်အတွင်း တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံ တပ် ရင်းများမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ များက ပြောသည်။

သိမ်ဇရပ်အခြေစိုက် ခမရ-၂၀၇ တပ်ရင်း နှင့် အမှတ်-၃၁၀ အမြှောက်တပ်ရင်းတို့မှ ဇန္နဝါရီလ ၇ ရက်နေ့ညက ၁၂၀ မမ၊ ၆၀ မမ လက်နက်ကြီးကျည်များဖြင့် ကျေးရွာအတွင်း ၈ လုံးခန့် ပစ်ခတ်ခဲ့သည်ဟု KNUသထုံခရိုင်က ထုတ်ပြန်ထားသည်။

လက်နက်ကြီးကျည်သည် ကျိုက်ထိုမြို့နယ် သုံးခွကျေးရွာ သရက်ခြံအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကာအသက် ၂၆ နှစ်အရွယ် ကိုဇော်မိုးလွင် ကျည်ထိမှန်သေဆုံးသွားခဲ့ပြီး အသက် ၇ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဒေသခံ တစ်ဦးက “စစ်ကောင်စီတပ်တွေ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ပစ်တာကရမ်းသမ်းပစ်ခတ်တာ တော့ မဟုတ်ဘူး။ ရည်ရွယ်ချက် ရှိရှိကို ပစ်နေတာ။ သူတို့ရဲ့ ရည်ရွယ်ချက်ကပြည်သူတွေကို ဒုက္ခရောက် စေ ချင်လို့ပဲ” ဟု ပြောသည်။

ထို့အပြင် ကျိုက်ထိုအခြေစိုက် တပ်မ-၄၄၊ လက်အောက်ခံ ခလရ-၂ တပ်ရင်းမှ ဇန်နဝါရီ ၆ ရက်နေ့ညကလှည်း လမ်းကူးကျေးရွာ အတွင်းသို့ ၆၀ မမ ၂ လုံး ပစ်ခတ်ခဲ့သည်ဟုလည်း ထုတ်ပြန်ပါရှိသည်။

စစ်ကောင်စီက ပစ်လိုက်သည့် အဆိုပါ ၆၀ မမ လက်နက်ကြီးကျည်သည် လူနေအိမ်များအနီးကျရောက်ပေါက် ကွဲခဲ့ပြီး အသက် ၆၃ နှစ်အရွယ် ဦးကျော်မြင့်နှင့် အသက် ၁၆ နှစ်အရွယ် မဖြူနှင်းသူတို့ကျည်စ ထိမှန်ဒဏ်ရာရရှိ ခဲ့သည်။

လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံတို့တွင် ဆေးကုသမှု ခံယူနေကြရသည်။စစ်ကောင်စီ တပ်မ-၄၄ လက်အောက်ခံ ခမရ-၂၀၇၊ ခလရ-၂ နှင့် အမတ-၃၁၀ တပ်ရင်းတို့မှလက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိပြီး ကျိုက်ထိုမြို့နယ်အတွင်းရှိ ဇီးပြောင်း၊ ဝင်းကံ၊ပျဥ်းကတိုးကုန်း၊ ကျောက်ဖျာနှင့် ဝင်းကလောဒေက ပြည်သူ ၃၀၀၀ ခန့်များလည်းဘေးလွတ်ရာနေရာများတွင် ထွက်ပြေးတိမ်းရှောင်နေကြရ သည်။

April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...