PNO/PNA ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီမှ လက်နက် အများအပြား ဖမ်းဆီးမိ

PNO/PNA ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီမှ လက်နက် အများအပြား ဖမ်းဆီးမိ

သျှမ်းပြည်တောင်ပိုင်း PNO/PNA ထိန်းချုပ်နယ်မြေ ဟိုပုံးမြို့နယ်အတွင်း စစ်ကောင်စီဘက်မှ လက်နက် အများအပြား ဖမ်းဆီးရမိကြောင်း သတင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်တွင် ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စုအနီး Type 81 ချေမှုန်းရေး ရိုင်ဖယ် အလက် ၄၉၉ လက် နှင့် ကျည်အိမ် ၄၉၈ ခု အပါအဝင် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီက ဒီဇင်ဘာလ ၁၈ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ PNO /PNA ထိန်းချုပ်နယ်မြေ အတွင်း၌ လက်နက်ခဲယမ်း အများအပြား ဖမ်းဆီးရမိခြင်း နှင့် ပတ်သက်ပြီး လမ်းကြောင်းအများအပြား ရှိနေသည့်အတွက် လက်နက်သယ်ဆောင်မှုသည် မည်သည့် လမ်းကြောင်းမှ ပေါ်လာခြင်းကို မသိရကြောင်း PNO/PNA တပ်ဖွဲ့ မှ ဗိုလ်မှူးသန်းကြွယ်က ပြောသည်။

“ကျနော်တို့ ထိန်းချုပ်နယ်မြေထဲမှာ လက်နက်တွေ အများကြီး ဖမ်းမိသွားတာတော့ သတင်းသိရတယ်၊ ဒီ PNO/ PNA ထိန်းချုပ်နယ်မြေထဲမှာလည်း လမ်းကြောင်းတွေ အများကြီးရှိတယ်၊ ကျနော်တို့လည်း လမ်းကြောင်း အားလုံးကို လိုက်မပိတ်နိုင်ဘူးလေ၊ အဓိက အရေးကြီးတဲ့ လမ်းတွေပဲ ပိတ်ထားတော့ ဒီလက်နက်တွေက ဘယ်ကနေ ဝင်လာမှန်း မသိရဘူး” ဟု ဗိုလ်မှူးသန်းကြွယ်က ပြောသည်။

ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများသည် အာဏာသိမ်း စစ်တပ်ကို လက်နက်ကိုင် တိုက်နေသည့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များထံ ပေးပို့မည့် လက်နက်များ ဖြစ်ကြောင်းလည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းကဲ့သို့ လက်နက်ခဲယမ်း အများအပြား ဖမ်းဆီးရမိခြင်းသည် ဒေသအတွင်း လုံခြုံရေး နှင့် စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာနိုင်ကြောင်းလည်း ဗိုလ်မှူးသန်းကြွယ်က ပြောဆိုသုံးသပ်ထားသည်။

“အခုလို လက်နက် အများအပြား ဖမ်းဆီးမိနေမှတော့ လုံခြုံရေးတော့ တင်းကြပ်မှာပဲ၊ ဒီလို လက်နက်တွေက နည်းနည်းနောနော မဟုတ်တော့ ဘယ်တပ်ဖွဲ့ကမဆို ဒီဒေသက ဒီနေရာကိုတော့ လုံခြုံရေးထပ်တိုးမှာလို့ ကျနော်ကတော့ ယူဆတယ်၊ လက်နက်က အများကြီးဆိုတော့လေ” ဟု ဗိုလ်မှူး သန်းကြွယ်က ပြောသည်။

အဆိုပါ လက်နက်များသည် PDF များထံ ပေးပို့မည့် လက်နက်များဖြစ်ပြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအား ဖြတ်သန်း သယ်ဆောင်စဉ် သတင်းပေါက်ကြားသဖြင့် ဖမ်းဆီးခံလိုက်ရသည့် သတင်းလည်း ထွက်လာသည်။

ပြီးခဲ့သည့် မေလပိုင်းတွင်လည်း သျှမ်းပြည် ရပ်စောက်မြို့ နယ်ရှိ စစ်ကောင်စီ၏ မင်းကြီးသုံးပါး စစ်ဆေးရေးဂိတ် တွင် ကားဖြင့် သယ်ဆောင်လာသည့် Type 81 ရိုင်ဖယ် အလက် ၅၀ နှင့် ဆက်စပ် ခဲယမ်းများ အပါအဝင် လက်နက် သယ်ဆောင်လာသည့် လူငယ်၂ ဦး အဖမ်းခံခဲ့ရသည်။

Most read this week

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...