မိုင်းဖုန်းဆရာတော် ကျန်းမာရေးအားနည်း ဆရာဝန်မှ အနီးကပ်ပြုစုပေးနေ

မိုင်းဖုန်းဆရာတော် ကျန်းမာရေးအားနည်း ဆရာဝန်မှ အနီးကပ်ပြုစုပေးနေ

မိုင်းဖုန်းဆရာတော် အညတရဝါသီ အရှင် ညာဏသံဝရသည် မိုင်းဆတ်မြို့နယ် မိုင်းကျက်ဂူတွင် (၃) နှစ် (၃) လ (၃) ရက် အဓိဌာန်ဝင် ဂူအောင်း တရားဘာဝနာ ကျင့်ကြံမှုအောင်မြင်ပြီးနောက် ဂူမှထွက်လာကာ သျှမ်းပြည်တောင်ပိုင်း မြို့နယ်တချို့သို့ မရပ်မနား သာသနာပြုခဲ့ရာ လက်ရှိအားနည်းပြီး မကျန်းမမာဖြစ်နေသဖြင့် ဆရာဝန်မှ အနီးကပ် ပြုစုပေးနေကြောင်း သိရသည်။

ဆရာတော်သည် သြဂုတ် (၁) ရက်နေ့ မိုင်းကျက်ဂူမှ ထွက်လာပြီး ဂူအထိလာရောက်စောင့်ဆိုင်းသော ရပ်နီးရပ်ဝေးမှ ဒကာ ဒကာမများအား (၃) ရက် (၃) ည တရားဟောကြားပေးခဲ့သည်။

သြဂုတ် (၄) ရက်နေ့ ညနေပိုင်းတွင် မိုင်းကျက်ဂူမှ မိုင်းဆတ်မြို့သို့ ရောက်ရှိခဲ့ပြီး သြဂုတ် (၅) ရက်နေ့တွင် မိုင်းတုံမြို့ ကမ္မဌာန်းကျောင်းဝင်းအတွင်းရှိ စေတီတော်အားထီးတင်၊ တရားဟောကြားတော်မူခဲ့သည်။ ညပိုင်းတွင်မူ မိုင်းတုံမြို့နယ် မိုင်းဟန်အုပ်စုရှိ သဗ္ဗေညုမင်္ဂလာစုမ့်မိန်း စေတီတော်အား ထီးတင်ခဲ့သည်။

သြဂုတ် (၇) ရက် နားကောင်းမူးမှတဆင့် သျှမ်းပြည်တောင်ပိုင်း မိုင်းပန်၊ လင်းခေး၊ မိုးနဲ သို့ ရောက်ရှိတရားဟောကြားတော်မူပြီး ထိုနေ့ညက ရေအားလျှပ်စစ်ထုတ်လုပ်ရာ ကျိုင်းတောင်းမြို့ ရေတံခွန်ရှိ ကျောင်းတွင်ကျိန်းစက်ခဲ့သည်။

သြဂုတ် (၈) ရက်မနက်အစောပိုင်း ကျိုင်းတောင်းမှ နမ့်စန်မြို့ သို့ ထွက်ခွာခဲ့ပြီးနောက်ပိုင်း နမ့်စန်မှ မိုင်းဖုန်းသို့ မရပ်မနားဘဲ ခရီးထွက်လာခဲ့ပြီးနောက် ဆရာတော်မှာ ကျန်းမာရေးအားနည်းနေသဖြင့် ဆရာဝန်ပင့်ကာ မိုင်းဖုန်းကျောင်းတိုက်တွင် ပြုစုပေးနေကြောင်းလည်း သိရသည်။

“ဆရာတော်က ဂူက ထွက်လာပြီးနောက် မရပ်မနားပဲ တရားဟောကြားပြီး ခရီးဆက်တိုက်ထွက်နေရတဲ့အတွက် ခရီးပန်းတာလဲ ပါမယ်ထင်တယ်။ ကိုယ်ခံအားလည်း နည်းသွားတာနေမယ်။ လက်ရှိတော့ မိုင်းဖုန်းကျောင်းမှာရှိပြီး ဆရာဝန်တွေနဲ့ ကုသ ပြသနေပါတယ်” ဟု သျှမ်းရှေ့ သံဃာနာယက ဥက္ကဌ ဆရာတော် ဉာဏသီရိ က သျှမ်းသံတော်ဆင့် မိန့်တော်မူသည်။

ဝါခေါင်လပြည့်နေ့တွင် မိုင်းဖုန်းဆရာတော်သည် မိုင်းဖုန်းကျာင်းတိုက်တွင်ပင် ဝါဝင်မည်ဟု သိရပါသည်။

“ဆရာတော်က မိုင်းဖုန်းကျောင်းမှာ ဝါဆိုမှာ ဖြစ်ပါတယ်။ တပည့် ဒကာတွေနဲ့ တွေ့ဆုံမှုလည်း ခန ရပ်နားထားမယ်လို့ ဆိုပါတယ်။ တရား ပွဲတွေလည်း ခေတ္တနားထားမှာဖြစ်ပါတယ်။ ဝစီပိတ် ကျင့်ကြံသွားမှာပါ” ဟု အထက်ပါ ဆရာတော်က မိန့်တော်မူသည်။

မိုင်းဖုန်းဆရာတော်သည် သြဂုတ် (၆) ရက်နေ့ လင်းခေး ခရီးစဉ်ကစပြီး ဒကာများအား တရားဟောပေးရာတွင် နှုတ်ဖြင့် တရားဟောကြားပေးခြင်း မပြုတော့ပဲ လက်ဟန်ပြ လက္ခဏာဖြင့်သာ တရာဟောကြားပေးခဲ့ရာ တောင်တန်းဿသနာပြု ဆရာတော် အရှင်သုခမိန္တ (စဝ်ဆုခမ်း) မှ ဘာသာပြန်ပြီး ဆက်လက်ဟောကြားပေးခဲ့ပါသည်။

Most read this week

December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...