ရွာလုံးကျွတ်မီးလောင်သွားသော ပန်နမ်းဒင် ထာလာထုရွာသားများ အရေးအပေါ် အကူအညီလိုအပ်နေ

ရွာလုံးကျွတ်မီးလောင်သွားသော ပန်နမ်းဒင် ထာလာထုရွာသားများ အရေးအပေါ် အကူအညီလိုအပ်နေ

ပူတာအိုခရိုင် နောင်မွန်မြို့နယ် ပန်နမ်းဒင်မြို့မှ ခြေကျင်ဖြင့် ၆ ရက်ခန့်သွားရသော ခါကာဘိုရာဇီ တောင်ခြေရှိ ထာလာထု ရွာလုံးကျွတ် မီးလောင်သွားသောကြောင့် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်ည မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဒေသခံ ရွာသူ/သားများအတွက် အစားအသောက် အရေးပေါ် အကူအညီလိုအပ်နေကြောင်း ပူတာအိုဒေသ လူမှုရေးကူညီပေးနေသူတစ်ဦးထံမှ သိရသည်။

“အခုအဲ့ဘက်မှာက ဖုန်းလိုင်းလဲမရှိဘူး။ အဆက်အသွယ်လည်းခက်နေတယ်။ တစ်ရွာလုံးမီးလောင်သွားတော့ ရွာသားတွေ ဘာပစ္စည်းတစ်ခုမှ မယူလိုက်ရဘူး။ အားလုံးဆုံးရှုံးသွားတယ်ဆိုတာတော့သိတယ်။ သူတို့ဘယ်လိုပဲ ဖြေရှင်း နေနေကြ တယ်ဆိုတာ အတိအကျမသိဘူး။ အရမ်းခက်ခဲတဲ့ရွာဖြစ်တယ်။ စပါးကျီကအစ အားလုံးပါသွားတယ်လို့ပြောတယ်။ အိုးခွက်က အစ မီးထဲအားလုံးပါသွားတော့ အခက်အခဲတွေ အများကြီးရှိတယ်ပေါ့နော်။” ဟု လူမှုကူညီရေးလုပ်ဆောင်နေသူ ဆရာ ဆန်လုရမ်ဆိုင်း ကပြောသည်။

၎င်းထာလာထုရွာတွင် အိမ်ခြေ ၁၁ အိမ်ရှိပြီး လူဦးရေ ၇၀ ကျော်နှင့် မသန်စွမ်းသူ ၃ ဦးရှိကြောင်း သိရသည်။

အဆိုပါကျေးရွာသည် ဖုန်းလိုင်း၊ အင်တာနက်လိုင်းမရှိသလို လမ်းခရီးခက်ခဲပြီး ဆက်သွယ်ဖို့ခက်ခဲတဲ့ နေရာဖြစ်သည်။

မီးလောင်မှုဖြစ်စဉ်တွင် ပိုင်ဆိုင်မှုအားလုံးပါသွားခြင်းကြောင့် အရေးပေါ် အခြေခံ ပစ္စည်းများနှင့် အစားအသောက် ကူညီထောက်ပံ့မှု လိုအပ်နေကြောင်း သိရသည်။

“အိမ်ပြန်ဆောက်ဖို့ ပြန်လည်တည်ထောင်နိုင်ဖို့ အရမ်းခက်မယ်ထင်တယ်။ မလွယ်ကူဘူး။ ဝေးလန်ခေါင်ပါးတဲ့ နေရာဖြစ်တယ်။ အဓိက လောလောဆယ် အရေးပေါ်က ဆန်၊ ဆီ ၊ ဆား တို့ ပြီးရင် အိုးခွက်ပန်းကန်တို့ ၊ အမိုးအကာ တဲဆောက်ဖို့ အရေးပေါ်လိုအပ်ပါမယ်။ လှူဒါန်းချင်တဲ့ ပြည်သူအားလုံးကို ဖိတ်ခေါ်လိုပါတယ်။ ကျနော့မှတစ်ဆင့် ကူညီလှူဒါန်းလို့ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့အများကြီး အခက်အခဲကြုံနေရတာကြောင့် အရေးပေါ် ကူညီနိုင်သလောက် ကူညီရမှာပဲဖြစ်တယ်။” ဟု လူမှုကူညီရေးလုပ်ဆောင်နေသူ ဆရာ ဆန်လုရမ်ဆိုင်း ကပြောသည်။

ထာလာထု ရွာအတွက် ကူညီလိုသူများအနေဖြင့်  Kpay – 09793182202 ( San Lu Ramseng ) သို့ ပေးပို့နိုင်ကြောင်း သူက ဆက်လက်ပြောဆိုခဲ့သည်။

ဆန်လုရမ်ဆိုင်းသည် ပူတာအိုခရိုင်တွင်း လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေသူဖြစ်ပြီး ပြီးခဲ့သည့် ၁ နှစ်ခန့်မှစတင်ကာ ပူတာအိုမြောက်ပိုင်း ကျေးရွာချင်းဆက် တံတားများကို ဦးဆောင်ဆောက်လုပ်နေသူဖြစ်ပါသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...