လမ်းတွင်လက်နက်ကြီးကျည်ထိမှန်သည့် နေရပ်ပြန်စစ်ရှောင် ၅ ဦးအနက် တစ်ဦးထပ်မံသေဆုံး

လမ်းတွင်လက်နက်ကြီးကျည်ထိမှန်သည့် နေရပ်ပြန်စစ်ရှောင် ၅ ဦးအနက် တစ်ဦးထပ်မံသေဆုံး
Photo crd-Bum Shep
Photo crd-Bum Shep

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်၊ မိုင်းယော်‌ဒေသဘက် တိုက်ပွဲရှောင်လာသည့် စစ်ရှောင် ပြည်သူများ နေရပ်ပြန်လမ်းတွင် လက်နက်ကျည်ထိမှန် ဒဏ်ရာရသူ ၅ ဦးအနက် တစ်ဦးထပ်မံသေဆုံးသွားကြောင်းသိရသည်။

"လားရှိုးစစ်ဆေးရုံမှာ ရောက်နေတာ ၅ ယောက် ဒါပေမယ့်မနေ့က ၁ ယောက်ထပ်ဆုံးသွားတယ်။ ခုကျည်ထိတဲ့ ပန်နန်းရွာကအကုန်လုံးအမျိုးသမီးတွေပဲ။ အမျိုးသား တယောက်မှ မပါဘူး။ ဆုံးသွားတာက စုစုပေါင်း ၄ ယောက် ရှိပြီ ပေါ့နော် " လို့ စစ်ရှောင်ကူညီပေးနေသည့်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ပန်နန်းစစ်ရှောင်များသည် မိုင်းယော်ဒေသဘက် သွားရောက်စစ်ရှောင်နေရာမှ နေရာထိုင်ခင်းခက်ခဲမူကြောင့် ဖေဖော်ဝါရီ ၁၇ ရက်‌နေ့ နေရပ်ပြန်ကြရာလမ်းတွင် မည်သည့်အဖွဲ့မှ ပစ်ခတ်လိုက်ခြင်းမသိရသည့် လက်နက်ကြီးကျည် ၂ ခု ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် စစ်ရှောင်ပြည်သူ ၅နှစ်အရွယ်ကလေးတစ်ဦးအပါအဝင်  ၃ဦး ကျည်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားပြီး ဒဏ်ရာရရှိသူ ၅ ဦးအထိရှိခဲ့သည်။

‌အဆိုပါ ‌ဒဏ်ရာရရှိသူ ၅ဦးအနက် ဖေဖော်ဝါရီလ ၁၈ရက်နေ့ တစ်ဦးထပ်မံသေဆုံးသွားသည့်အတွက် သေဆုံးသူ စုစုပေါင်း ၄ဦးရှိပြီဖြစ်သည်။

လက်ရှိ ဒဏ်ရာရရှိထားသည့် ကျန် ၄ဦးသည်လည်း ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရသည့်အခြေနေတွင် ရှိနေသေးကြောင်း မိုင်းယော်ဒေသခံ တစ်ဦးကပြောသည်။

"ကျန်တဲ့လူတွေကိုလည်း ပြင်ဦးလွင်စစ်ဆေးရုံ ပို့မယ် လို့ပြောတယ် ဒီမှာ မနိုင်လို့ နေမှာပေါ့။ ဆေးရုံမှာ ၄ ယောက်ကျန်တယ် " လို့ မိုင်းယော်ဒေသခံတစ်ဦးက ပြောသည်။

စစ်ရှောင်ပြည်သူများ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးရခြင်းသည် တိုက်ပွဲရှောင်လာသည့် ပြည်သူများအတွက် နေရာထိုင်ခင်း စီစဉ်ပေးနိုင်ခြင်းမရှိသည့်အတွက် ဖြစ်ကြောင်း  စစ်ရှောင်ကူညီပေးနေသူ  တစ်ဦးက ပြောသည်။

"ပြဿနာက နေရာ မပေးနိုင်တာ ဒီဘက်ကလည်း နေရာမပေးနိုင်တာ။ အိမ်ထောင်စု ၃၀ လောက်တော့ ရှိသေးတယ်။ သူတို့က အမျိုးအိမ်မှာ ခိုလှုံနေကြတာပေါ့" လို့ စစ်ရှောင်ကူညီပေးနေသူ  တစ်ဦးက ပြောသည်။

ပြီးခဲ့တဲ့ တရုတ်နှစ်သစ်ကူးပြီး နောက်ပိုင်းမှစကာ ပန်နန်းဒေသတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ အကြား တိုက်ပွဲပြင်းထန်လာခဲ့သည့်အတွက် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်‌နေရကြောင်း ဒေသခံများကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း အဝေးပြေးလမ်းကြီးတစ်‌ လျှောက်တွင် စစ်ကောင်စီတပ်၊ ပြည်သူ့စစ်၊ ကိုးကန့် MNDAA, TNLA, AA, KIA နဲ့ မြောက်ပိုင်း ညီနောင်တပ်ပေါင်းစုတို့ လှုပ်ရှားရာ နယ်မြေဖြစ်သည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...