အချိန်မှီတင်ပို့နိုင်ခြင်းမရှိသောကြောင့် တရုတ်နယ်စပ် မြန်မာ ကြံခင်းလုပ်ငန်းရှင်များ အခက်တွေ့နေ

အချိန်မှီတင်ပို့နိုင်ခြင်းမရှိသောကြောင့် တရုတ်နယ်စပ် မြန်မာ ကြံခင်းလုပ်ငန်းရှင်များ အခက်တွေ့နေ

တရုတ်နယ်စပ်တစ်လျှောက် မိုင်ဂျာယန်နှင့် နမ်လင်းပါ ကျေးရွာများတွင် စိုက်ပျိုးထားသော ကြံစိုက်ခင်းများ တရုတ်နိုင်ငံဘက်သို့ အချိန်မီ တင်ပို့နိုင်ခြင်း မပြုလုပ်နိုင်သောကြောင့် ကြံစိုက်ခင်းပိုင်ရှင်များ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် လွယ်ဂျယ်ကုန်သွယ်ရေးဂိတ်ကို ဇန်နဝါရီလ ၁၇ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း တရုတ်အစိုးရဘက်မှ ကုန်တင်ကားနှင့် ကားသမားများကို ကူးသန်းခွင့်မပြုပဲ လွယ်ဂျယ်ဂိတ်တွင် ကုန်ပစ္စည်းများကို ကရိန်းကားများဖြင့် တရုတ်နိုင်ငံသို့ ဆွဲတင်ယူပြီးနောက် ဆေးဖြန်းပြီး (၇)ရက် ထားပြီးမှသာ စက်ရုံသို့ တင်ပို့နေကြောင်း မိုင်ဂျာယန်ဒေသခံ ကြံစိုက်ခင်းပိုင်ရှင် တစ်ဦးထံမှ သိရပါသည်။

“အရင်နှစ်တွေမှာက တရုတ်ဘက်က ကားသမားတွေလာပြီး လူချိန်းပြီး ကြံတွေကို လာယူတင်သွားကြတယ်။ အဝင်အထွက်တော့ ဘယ်သူမှ အခွင့်အရေး မရဘူး။ ကရိန်းကားအကြီးတွေနဲ့ ဆွဲယူနေကြတယ်။ တရုတ်ဘက် ကနေပြီး ကြံတွေကို ဆေးဖြန်းပြီး ၇ ရက်ထားပြီးမှ ကြံစက်ရုံကို ပြန်တင်သွားနိုင်မယ်ဆိုတော့ အဲမှာလည်း တော်တော်ကိုခက်သွားတယ်။ ကျနော်တို့ ဒီဘက်ကနေ ကြံတွေကို ဆေးဖြန်းပြီး တစ်ခါတည်းပို့ပေမယ့် တရုတ်ဘက်ကတော့ ကြံတွေကို ဆေးထပ်ဖြန်းတယ် နောက်ပြီး ၇ ရက်ထားတယ်။ ၇ ရက်ပြည့်ပြီး မှ စက်ရုံကို ပို့တယ်။ ကြံတွေအကုန်မပို့နိုင်ဘူး နည်းနည်းစီပဲ တင်ပို့နိုင်တယ်။ ကြံတွေ အချိန်လွန်လာတော့ အရသာ ပေါ့သွားတာတို့ ဖြစ်လာတယ်။ ကြံတွေကို ချိန်းဘလော့နဲ့ အပေါ်ကနေ ကရိန်းနဲ့ဆွဲပြီး မိုးပေါ်ကနေ သူတို့ဘက် ကို တင်ယူကြတယ်။” ဟု ဒေသခံတစ်ဦးက KNG ကို ပြောသည်။

လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးဂိတ်သည် ဗန်းမော်ခရိုင်တွင်ပါဝင်ပြီး ယင်းနယ်စပ်ကုန်သွယ်ရေးဂိတ်မှ အဓိက တင်ပို့သည့် သီးနှံပို့ကုန်များမှာ ကြံ ၊တစ်သျှူးငှက်ပျော် ၊ဖရဲ၊ သခွား တို့ဖြစ်ကြသည်။

လက်ရှိ ရာသီသည် ကြံတင်ပို့ရမည့်အချိန်ဖြစ်ပြီး စိုက်ပျိုးသူများအနေဖြင့်လည်း အချိန်မီတင်ပို့နိုင်ခြင်းမရှိသောကြောင့် ရင်းနှီးထားသည့် ငွေကြေးများ  ဆုံးရှုံးမှုကြီးမားစွာ ကြုံနေကြရပြီး ကြံခင်း ဧက ၁သောင်းကျော်၌ ၃၀ ရာခိုင်နှုန်းမျှသာ တရုတ်နိုင်ငံဘက်သို့ တင်ပို့နိုင်သေးကြောင်း ဆိုသည်။

“အခုက ကိုဗစ်ကြောင့် တရုတ်ဘက်က ကားသမားတွေမလာတော့ အရမ်းခက်သွားတယ်။ ဧက ၁သောင်းကျော်စိုက်ထားတယ် ၃၀ ရာခိုင်နှုန်းလောက်ပဲ ပို့နိုင်သေးတယ်။ ကြံတွေက အချိန်လွန်ပြီး အရသာတွေ မရှိလာဘူး ပျက်စီးလာပြီ။ ကျနော်တို့က အဓိကကြံခင်းစိုက်ပြီး ဝမ်းစာရှာစားတဲ့သူတွေ ဆိုတော့ ဒီကြံခင်းရိတ်ထားတာတွေ တရုတ်ဘက်ကို တင်ပို့ရောင်းချလို့ မရတော့ အခက်အခဲကတော့ ပိုခက်ခဲလာမယ့် အလားအလာရှိတယ်။ ရင်းနှီးထားတာတွေ ဆုံးရှုံးတယ်။ ကြံတွေမရောင်းရရင် ငွေကြေးမရှိတော့ဘူး ကလေးတွေ ကျောင်းထားဖို့တွေ မိဘအနေနဲ့ ခက်ခဲလာမှာ စိုးရိမ်တယ်။”  ဟု ဆက်ဆိုထားပါသည်။

ကချင်ပြည်နယ်တွင် အဓိက နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်သည့် ကန်ပိုင်တည် နယ်စပ်ဂိတ် နှင့် လွယ်ဂျယ် နယ်စပ်ဂိတ်တို့ကို ၂၀၂၁ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့မှ စတင်ပိတ်ထားခဲ့ရာ ၆ လကျော် ကြာမြင့်ပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှ စပြီး ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကုန်သွယ်မှု ဆက်လက် လုပ်ဆောင်လျှက်ရှိသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...