စစ်ကောင်စီ တပ်များ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး နေအိမ်များကို မီးရှို့

စစ်ကောင်စီ တပ်များ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး နေအိမ်များကို မီးရှို့

စစ်ကောင်စီ တပ်ဖွဲ့များက ပုလောမြို့နယ်အတွင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် နေအိမ် ၅ လုံးကို မီးတင်ရှို့ခဲ့သည်ဟု ပုလော ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF က ပြောသည်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် အတွင်းရှိ ပဝတ်ဖျားကျေးရွာနှင့် ကဗျာကျေးရွာများသို့  လက်နက်ကြီးပစ်အား သုံး၍ ထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

ခလရ ၂၈၅ တပ်ရင်းသည် အင်အား ၂၀၀ ခန့်ဖြင့် ဇန္နဝါရီလ ၈ ရက်နေ့၊ ညနေပိုင်းတွင်KNU ထိန်းချုပ်ထားရာ နယ် မြေအတွင်းရှိ PDF များရှိရာသို့ စစ်ကြောင်း နှစ်ကြောင်းခွဲကာ ဝင်ရောက်လာခဲ့သည်။ ထိုစစ်ကြောင်းများကို ပုလော PDF က မိုင်း နှစ်ကြိမ်ဆွဲ တိုက်ခိုက်ခဲ့သည်ဟု ပုလော PDF က ပြောသည်။

“သူတို့က ည ၇နာရီ မိနစ် ၄၀ လောက်မှာ လက်နက်ကြီးတွေနဲ့ စပစ်တယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ အပြန်အလှန်ပစ်ကြတာပေါ့။ ည ၉ နာရီ ၄၅ မိနစ်လောက်မှာ ပစ်ခတ်တာရပ်ပြီး ပြန်ဆုတ်သွားတယ်။ အချိန် ၂ နာ ရီ လောက်ကြာတာပေါ့” ဟု ပုလောဒေသခံ PDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ပဝတ်ဖျားကျေးရွာနှင့် ကဗျာကျေးရွာအနီးတွင် မိုင်းနှစ်ကြိမ်ဆွဲ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄  ဦး သေဆုံးပြီး၊ အယောက် ၂၀ ကျော်ခန့် ထိခိုက်ဒဏ်ရာရရှိသည်ဟု ဆက်ပြောသည်။

သို့သော် PDF နှင့် PRDF ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်က ကျဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဟု ယမန်နေ့ည တိုက်ပွဲတွင်ပါဝင်ခဲ့သည့်  PDF တပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။

“သူတို့ဘက်က ၄ ယောက်သေတဲ့ အထဲမှာ တပ်ခွဲမှူး အဆင့်ရှိသူပါတယ်။ ဆေးရုံကားနဲ့ သယ်ဆောင်သွားလို့  သိရ တယ်။ အဲ့သတင်းကို စိစစ်နေတုန်းပဲ” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်းတွင် စစ်ကောင်စီတပ်များသည် ပဝတ်ဖျားကျေးရွာ အတွင်းဝင်ရောက်၍ သေနတ် များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ည ၁၀ နာရီအချိန်ခန့်တွင် လူနေအိမ် ၃ လုံး၊ နံနက် ၂ နာရီ အချိန်ခန့်တွင် နေအိမ် ၂ လုံး မီးတင်ရှို့ခဲ့ရာ နေအိမ်များအားလုံး ပြာကျသွားခဲ့သည်ဟု ရွာသားများက အတည်ပြု ပြောသည်။

လက်ရှိတွင် ပဝတ်ဖျားကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းငယ်ကျန်ရှိနေကာ အထိနာသွားသည့် ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာမှု ပြန်ဆုတ်ခွာသွားသည် ဟု သိရသည်။

February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...