ဝိုင်းမော်တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များမှ ဒေသခံအချို့ကို KIA ဆက်နွယ်မှုဖြင့်ဖမ်းဆီး

ဝိုင်းမော်တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များမှ ဒေသခံအချို့ကို KIA ဆက်နွယ်မှုဖြင့်ဖမ်းဆီး

ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာတွင် ယနေ့ နံနက်ပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းပြီး ကျေးရွာအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပတ်သက်သည်ဟု မသင်္ကာသောပြည်သူတစ်ချို့ကို လိုက်လံဖမ်းဆီး နေသည်ဟု သိရသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့များသည် ဝူယန်ကျေးရွာမနက်စျေးတွင် အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မွန်းလွဲပိုင်းကလည်း လူနေအိမ်အချို့ကို ဝန်းရံကာ ဖမ်းဆီးမှုများပြုလုပ်နေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဝိုင်းမော်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ဒီကနေ့ မနက်ကဘဲ မနက်စျေးမှာ စစ်ကောင်စီတပ်သားတွေ စစ်အင်အားအပြည့်နဲ့ ယောကျာ်း တစ်ယောက်ကို ကားနဲ့ ဖမ်းသွားတယ်။ အဲ့လိုဘဲ အခု ညနေပိုင်းမှာလည်း နောက်တစ်ယောက်ကို လိုက်ဖမ်းနေတယ်။ ဘာလို့ လိုက်ဖမ်းနေလည်း မသိဘူး” ဟု ပြောဆိုသည်။

ယနေ့ မွန်းလွဲ ၁နာရီဝန်းကျင်ခန့်ကလည်း စစ်ကောင်စီတပ်သားများ ရှောင်တခင်ဝင်ဖမ်းသော ဝူယန်ကျေးရွာမှ အမျိုးသားတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

နံနက်ပိုင်း ဝူယန်စျေးအတွင်း ဖမ်းဆီးခံရသူမှာ ဝါးရှောင်ကျေးရွာမှ အသက် ၃၀ ဝန်းကျင်အရွယ် ကို ခွန်းအောင် ဆိုသူဖြစ်ပြီး လက်ရှိ ၎င်းကို မည်သည့် နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ နှင့် လီဆူပြည်သူ့စစ်အဖွဲ့တို့ လိုက်လံဖမ်းဆီးနေသည်မှာ စစ်တပ်သတင်ပေးများကြောင့် ဖြစ်သည်ဟု သူက ဆက်ဆိုသည်။

ဝိုင်းမော်မြို့ပြင် ဝူယန်ကျေးရွာတွင်လည်း ပြီးခဲ့သော လပိုင်းမှစတင်ကာ လီဆူပြည်သူ့စစ်ဂိတ်ထားရှိပြီး ဖြတ်သန်းသွားလာသော ပြည်သူများကို စစ်ဆေးမှုနှင့် ငွေကြေးကောက်ခံမှုများပြုလုပ်နေသည်ဟု ဒေသခံများ ပြောသည်။

ပြီးခဲ့သောလပိုင်းများက ဝိုင်းမော်ရှိ ၅၈ တပ်ရင်းနဲ့ ဗလမင်းထင် စုပေါင်းဂိတ်တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ နှင့် ၎င်း၏ ပြည်သူ့စစ်အဖွဲ့တို့မှ မြို့တွင်းဖမ်းဆီးမှုများနှင့် စစ်ရေးဂိတ်များကို တိုးမြှင့်ချလာခြင်းဖြစ်သည်ဟု သိရသည်။

January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...