ဟားခါးမြို့နယ်တွင် ပြည်သူသုံးထောင်ကျော်ခန့် အိုးအိမ်စွန့်ခွါထွက်ပြေးတိမ်းရှောင်နေရ

ဟားခါးမြို့နယ်တွင် ပြည်သူသုံးထောင်ကျော်ခန့် အိုးအိမ်စွန့်ခွါထွက်ပြေးတိမ်းရှောင်နေရ

ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီက တပ်အင်အားတိုးချဲ့လာနေပြီး တိုက်ပွဲများဖြစ်ပွားလာမှာကို စိုးရိမ် မှုကြောင့် ဟားခါးမြို့ပေါ်နှင့်အနီးနားကျေးရွာများမှ ပြည်သူ သုံးထောင်ကျော်တို့သည် အိုးအိမ်စွန့်ခွါထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ဟားခါးမြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှသိရသည်။

“လွန်ခဲ့တဲ့နှစ်ပတ် ၃ ပတ်လောက်မှာ မြို့တွင်းမှာလက်နက်ကြီးကျတယ်၊ သေနတ်ဖောက်သံတွေ အပစ်အခတ် တွေရှိတယ်လေ တချိူ့အိမ်တွေဆိုရင် ကျည်ထိတယ်၊ ရပ်ကွက်တွေထဲမှာအပစ်အခတ်တွေရှိတဲ့ အခါမှာ နေလို့ ထိုင်လို့အဆင်မပြေတော့ဘူး အဲဒါစိုးရိမ်းလို့ သူတို့အိမ်တွေကို စွန့်ခွါပြီးတော့ လုံခြုံတဲ့နေရာကို သွားတယ်၊ အမျိူးတွေဆီမှာသွားတယ်အဲလိုမျိူးပေါ့” ဟု ဟားခါးမြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

ဟားခါးမြိုပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က စက်တင်ဘာလလယ်ပိုင်းကစ၍ ညတို်င်းနီးပါး လက်နက် ကြီးများရမ်း သမ်းပစ်ခတ်မှုရှိနေပြီး ဒေသခံပြည်သူများကျည်ဆံထိမှန်မှု၊ နေအိမ်များမီးလောင်မှုများရှိလာသည့်အတွက် ရပ်ကွက်နေပြည်သူများမှာ စိုးရိမ်ကြောက်လန့်မှုကြောင့် ယခုကဲ့သို့အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရခြင်းဖြစ်သည်။

ထို့အပြင် အောက်တိုဘာလ ၂၀ ရက်နေ့က ဟားခါးမြို့တွင်းသို့ တင့်ကားအပါအဝင် စစ်ကား အစီး ၅၀ ကျော်နဲ့ စစ်သားအင်အား ၄၀၀ ကျော်ခန့် ဝင်ရောက်လာသည့်အတွက် ပြည်သူများစိုးရိမ်မှုတိုးလာနေသည်ဟု သိရ သည်။

ဟားခါးမြို့ပေါ်နေပြည်သူများ အိုးအိမ်စွန့်ခွါထွက်ပြေးတိမ်းရှောင်မှုတဖြည်းဖြည်းများလာနေသည့်အတွက် ဟားခါးမြို့နယ်အတွင်းရှိ ဇိုခွါနယ်၊ ဆဲန်ထန်းနယ် နှင့် မိအယ်နယ်ဒေသတို့တွင် ဇုံ ၃ ဇုံဖြင့် စစ်ဘေးရှောင်များ အတွက် စီစဉ်ထားကာ ဟားခါးမြို့ပေါ်တွင်လည်း ခရစ်ယာန်တက္ကသိုလ်ကျောင်းတွင် စစ်ဘေးရှောင်စခန်း ဖွင့်လှစ်ထားကြသည်ဟု သိရသည်။

“နယ်စစ်ဘေးရှောင်ပြည်သူတွေအတွက် ဖွင့်ထားတဲ့နေရာ ၃ နေရာစီစဉ်ထားတယ်။ မြို့တွင်းကတော့ အခြေ အနေနည်းနည်းငြိမ်နေသေးတော့ ကိုယ့် အမျိုးတွေ၊ နီးစပ်ရာမိသားစု မှာ ခနခိုလှုံနေကြရတယ်” ဟု ဟားခါး မြို့နယ်စစ်ဘေးရှောင်ကူညီးရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိ ဟားခါးမြို့နယ်တွင် စစ်ဘေးရှောင်နေကြရသော ပြည်သူများသည် အစားအသောက်အပိုင်းတွင်လည်း ကူညီထောက်ပံ့မှုတွေလိုအပ်နေသည်ဟု ၎င်းကဆက်ပြောသည်။

“အခုက သူတို့လိုအပ်နေတာက အဓိက စားဝတ်နေရေးလိုမယ်။ တကိုယ်ရေသန့်ရှင်းဖို့ ဆပ်ပြာကအစ ဆောင်ရာသီဝင်ပြီဆိုတော့ အိပ်ဖို့ စောင်လည်းလိုမယ်” ဟု စစ်ဘေးရှောင်ကူညီရေး ကော်မတီ ဝင်တစ်ဦးက ပြောသည်။

ဟားခါးမြို့ပေါ်ရှိ ချင်း ခရစ်ယာန်တက္ကသိုလ်ကျောင်းတွင် ဖွင့်လှစ်ပေးထားသော စစ်ဘေေးရှောင်စခန်းတွင် ယခုလက်ရှိ စစ်ဘေးရှောင် မိသားစု ၄ စု လူဦးရေ ၂၀ ခန့်ခိုလှုံနေပြီဖြစ်ကြောင်း သိရသည်။

 
 

 

 

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...